ချဲဆီး နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာ စာချုပ်ကို ဆိုင်းငံ့လိုက်ပြီ ဖြစ်တဲ့ Three

Telecom လုပ်ငန်း တစ်ခု ဖြစ်တဲ့ Three ဟာ UK အစိုးရက ချဲဆီး အသင်းပိုင်ရှင် အဗရာမိုဗစ်ချ် ကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ၊ ချဲဆီး အသင်းထံ သူတို့ ပေးထားတဲ့ စပွန်ဆာ စာချုပ်ကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။

Three နဲ့ ချဲဆီး တို့ အကြား တစ်နှစ် အတွက် စပွန်ဆာကြေး ပေါင် သန်း 40 နဲ့ 2023 ခုနှစ် အထိ ချုပ်ဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

မနေ့က UK အစိုးရဟာ အဗရာမိုဗစ်ချ် ကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်ချိန်မှာ ချဲဆီး အနေနဲ့ တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေကလွဲရင် လက်မှတ် ရောင်းချခွင့် မရှိတော့သလို ၊ အပြောင်းအရွှေ့ ဝင်ရောက် လုပ်ကိုင်ခွင့် ၊ ကစားသမား စာချုပ်သက်တမ်း တိုးခွင့်တွေကိုပါ ပိတ်ပင်လိုက်တာပါ။ ကလပ် အသင်းရဲ့ အဝေးကွင်း ပွဲစဉ် ခရီးသွား စာရိတ်ကိုလဲ ပေါင် 20000 သာ ကျခံ သုံးစွဲဖို့ ကန့်သတ်လိုက်ပါတယ်။

သို့သော် အသင်းရဲ့ ဘောလုံးပွဲတွေ ဆက်တိုက် ကစားနိုင်ဖို့ အတွက် အထူး လိုင်စင် တစ်ခု ထုတ်ပေးထားပြီး မေလ 31 ရက်နေ့ အထိ သက်ဝင်နေမှာ ဖြစ်ပါတယ်။

UK အစိုးရဟာ အဗရာမိုဗစ်ချ် ကို “Pro-Kremlin Oligarch” လို့ သုံးနှုန်း သွားခဲ့ပြီး ၊ ယူကရိန်း က ကျူးကျော်စစ် ဆင်နွှဲနေမှုတွေ နဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။

Three ရဲ့ ပြောရေး ဆိုခွင့်ရှိသူကတော့ ဒီလို လုပ်ဆောင်လိုက်ရတာ နဲ့ ပတ်သက်လို့ ချဲဆီး ပရိသတ်တွေ နားလည်အောင် အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ အစိုးရ ဘက်က ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်တယ်လို့ ကြေငြာလိုက်ချိန်မှာပဲ ကျနော်တို့ ဘက်က စပွန်ဆာ ကိစ္စနဲ့ ပတ်သက်လို့ ယာယီ ဆိုင်းငံ့ဖို့ ချဲဆီး ထံ မေတ္တာရပ်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဂျာစီမှာ ရှိနေတဲ့ ကျနော်တို့ ရဲ့ Logo အပြင် ၊ စတမ်းဖို့ဘရစ်ချ် ကွင်းထဲမှာ တပ်ဆင်ထားတဲ့ Logo တွေကိုပါ ဖြုတ်သိမ်းသွားမှာပါ။

ဒီ ဆုံးဖြတ်ချက်ကြောင့် ချဲဆီး ကို အရူးအမူး အားပေးနေတဲ့ ပရိသတ်တွေ အပေါ် သက်ရောက်မှု ရှိမယ် ဆိုတာ နားလည်မိပါတယ်။ သို့သော်လဲ ကျနော်တို့ အနေနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေ ၊ အစိုးရ ရဲ့ မူဝါဒတွေ အတိုင်း ဖြစ်လို့ အခုလို လုပ်ဆောင်ရတာပါ။

မိုဘိုင်း ကွန်ယက် လုပ်ငန်း တစ်ခု အနေနဲ့ ကျနော်တို့ဟာ UK ကို ရောက်လာတဲ့ စစ်ဘေးရှောင် ပြည်သူတွေ ၊ ယူကရိန်းမှာ ကျန်ခဲ့တဲ့ ကာစတန်မာတွေ အကြား အဆက်အသွယ်တွေ မပြတ်တောက်အောင် ကြိုးစား ဆောင်ရွက်ပေးမှာပါ။ ဒါကြောင့် UK ရောက် ယူကရိန်း နိုင်ငံသား အားလုံး နဲ့ ယူကရိန်းမှာ ကျန်နေတဲ့ လူအားလုံး အတွက် Connectivity Packages ကို ကမ်းလှမ်းပေးထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ချဲဆီး ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကပ်ရောဂါ ဆိုးကြီး အကြားထဲကတောင် စပွန်ဆာကြေးတွေ ကနေ စုစုပေါင်း ဝင်ငွေ 154 သန်း ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အခြား စပွန်ဆာ လုပ်ငန်းတွေ ကလဲ ချဲဆီး နဲ့ အကြားက စာချုပ်တွေကို ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ယူဆရပြီး ၊ လာမယ့် ရက်ပိုင်း အတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်လာကြဖွယ် ရှိနေပါတယ်။

လက်ရှိ ဂျာစီ စပွန်ဆာ Nike နဲ့ တရာသီစာ ပေါင် 55 သန်း နဲ့ စာချုပ် ချုပ်ဆိုထားသလို ၊ ကားထုတ်လုပ်သူ Hyundai, နာရီ လုပ်ငန်း Hubolt တို့ နဲ့လဲ နောက်ထပ် စပွန်ဆာ စာချုပ်တွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

SM