ချဲဆီး နဲ့ ကို စပွန်ဆာ ပေးတော့မှာ မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်တဲ့ Hyundai

အဓိက Shirt Sponsor ကြီး ဖြစ်တဲ့ Three က ချဲဆီး နဲ့ လမ်းခွဲလိုက်ပြီး နောက်ပိုင်း ၊ Sleeve Sponsor ဖြစ်တဲ့ Hyundai ကလဲ ချဲဆီး နဲ့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက် ပါတယ်။

ချဲဆီး ဟာ လက်ရှိ ဥရောပ ချန်ပီယံ ၊ ကမ္ဘာ့ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးတွေ ပိုင်ဆိုင်ထားတဲ့ အကြားက ယူကရိန်း အရေး ပေါ်လာပြီး နောက်ပိုင်း ၊ အသင်းပိုင်ရှင် မိုဗစ်ချ် ဟာ ပူတင် နဲ့ တိုက်ရိုတ် ဆက်စပ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အတူ UK အစိုးရ ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက် ခံနေရတာ ဖြစ်ပါတယ်။

Hyundai နဲ့ ချဲဆီး တို့ဟာ 2018 ခုနှစ် ကတည်းက လက်တွဲ လာခဲ့တဲ့ အကျိုးတူ မိတ်ဖက် စီးပွားရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။

ကာလုပ်ငန်းကြီး ရဲ့ တရားဝင် ကြေငြာချက်မှာတော့ – “ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း Hyundai ဟာ ဘောလုံး လောကမှာ ခိုင်မာတဲ့ ပါတနာ တစ်ခု အဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့တာပါ။ ပိုကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင်လဲ အမြဲတမ်း ထောက်ပံ့ပေးခဲ့ပါတယ်။

ချဲဆီး နဲ့ ပတ်သက်လို့ ကစားသမားတွေ ရဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့မှုတွေ ၊ ဖန်တွေ ရဲ့ ဝန်းရံပေးခဲ့မှုတွေ အားလုံးကို ဂုဏ်ယူခဲ့ရပါတယ်။ သို့သော်လဲ လက်ရှိ အနေအထား အရ ကျနော်တို့ အနေနဲ့ ချဲဆီး နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ဈေးကွက် ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ” လို့ ဖော်ပြသွားခဲ့ ပါတယ်။

ဂျာစီ အတွက် ထောက်ပံ့ စပွန်ဆာ ပေးထားတဲ့ Nike ကတော့ ချဲဆီး နဲ့ ဆက်ပြီး လက်တွဲသွားမယ်လို့ နားလည်ရပြီး ၊ Training Kit Sponsor ဖြစ်တဲ့ Trivago က အသင်းနဲ့ အတူ ရပ်တည်သည့်တိုင်အောင် ပိုင်ရှင် အပြောင်းအလဲ အမြန်ဆုံး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

တစ်ချန်တည်းမှာ ချဲဆီး ဟာ UK အစိုးရက ပိတ်ပင်ထားတဲ့ ကစားသမားသစ် ခေါ်ယူခွင့်တွေ ၊ လက်ရှိ စာချုပ် သက်တမ်းတိုးခွင့် မရှိတဲ့ အချက်တွေကို ဖယ်ရှားပေးဖို့ မနေ့ကပဲ အယူခံဝင်လိုက်ပါတယ်။

ဥရောပ ချန်ပီယံကြီးဟာ သူတို့ အတွက် သီးသန့် ထုတ်ပေးထားတဲ့ လိုင်စင်မှာ တစ်ချို့ အချက်အလက်တွေကို ဖြေလျှော့ ထည့်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ကလဲ အစိုးရ ပိတ်ဆို့ အရေးယူခံထားရတဲ့ သူဌေးတစ်ယောက်ဟာ သူတို့ ပြိုင်ပွဲဝင် ကလပ်အသင်း တစ်ခုကို ပိုင်ဆိုင်ဖို့ Qualify မဖြစ်ဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် ချဲဆီး အနေနဲ့ ကလပ် အရောင်းအဝယ် ကိစ္စကို အမြန်ဆုံး အကောင်ထည် ဖော်နိုင်မှသာ ပိုကောင်းတဲ့ အရွေ့တစ်ခုဆီ ဦးတည်လာဖွယ် ရှိနေပါတယ်။

အဲဒီလိုမှ မဟုတ်ရင် ခံစစ်မှုးတွေ ဖြစ်တဲ့ အက်စ်ပီလီကွီတာ ၊ ရူဒီဂါ နဲ့ ခရစ္စတန်ဆန် တို့ဟာ ဒီရာသီ အကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ ၊ ရာသီကုန်တာ နဲ့ အလွတ်ကြေး နဲ့ ထွက်ခွာခွင့် ပေးရဖွယ် ရှိနေပါတယ်။


အစိုးရ ဘက်ကတော့ ချဲဆီး က တောင်းဆိုတဲ့ အချက်တွေ အပေါ် အကြောင်းပြန်ခြင်း မရှိသေးပေမယ့် Match Day အတွက် အသုံးစာရိတ် ကို ပေါင် 500000 ကနေ 900000 အထိ တိုးမြှင့် ခွင့်လိုက်သလို ၊ ချန်ပီယံလိဂ် အဝေးကွင်း ခရီး ပွဲစဉ်တွေ အဆင်ပြေပြေ နဲ့ သွားလာနိုင်ဖို့ အတွက်လဲ နောက်ထပ် အသုံးစာရိတ် ဖြေလျှော့မှု တစ်ချို့ ကို လုပ်ဆောင်ပေးသွားဖွယ် ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။

SM