ချဲဆီး ကို ဝယ်ယူဖို့ သူ့ကို လာစပ်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဆွစ် ဘီလီယံနာ သဌေး

ချဲဆီး ကို ဝယ်ယူဖို့ အတွက် ဒီအပတ်ထဲမှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာကြလိမ့်မယ်လို့ မနက်က သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီညနေပိုင်းမှာတော့ ဆွစ် ဘီယံနာ ဖြစ်သူ Hansjorg Wyss က ကြားပွဲစားတွေ ကနေ တဆင့် ချဲဆီး ကို ဝယ်ယူနိုင်တဲ့ အကြောင်း သူ့ဆီ ချဉ်းကပ်လာနေကြတယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Hansjorg Wyss ဟာ လက်ရှိ အမေရိကားမှာ နေထိုင်သူ ဖြစ်ပြီး ပေါင် 4.36 ဘီလီယံ ခန့် ကြွယ်ဝသူ ဖြစ်ကာ ၊ သူ နဲ့ အခြား လုပ်ငန်းရှင် 3 ဦးကို ဖိတ်ကြားကာ ချဲဆီး ကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ တင်သွင်းခိုင်းခဲ့တဲ့ အကြောင်း တရားဝင် ဖွင့်ဟလိုက်ပါတယ်။

“ အခြား Oligarchs တွေလဲ သူကလဲ အရမ်းကို စိတ်တွေ ယောက်ယက်ခတ်နေပါတယ်။ အဗရာမိုဗစ်ချ် ဟာ အင်္ဂလန်မှာ ရှိတဲ့ သူ့ရဲ့ အိမ်ကိုတောင် ရောင်းထုတ်ဖို့ ကြိုးစားနေပါပြီ။ တစ်ချိန်တည်းမှာ ချဲဆီး ကိုလဲ အမြန်ဆုံး ရောင်းထွက်ချင်နေပါတယ်။

ကျနော် အပါအဝင် ၊ အခြား လုပ်ငန်းရှင် 3 ယောက်ဟာ ချဲဆီး ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ အင်္ဂါနေ့ က ဖိတ်ကြားခံခဲ့ရပါတယ်။

အခုတော့ ကျနော့် အနေနဲ့ 4-5 ရက်လောက် စောင့်ပြီး အခြေအနေ အကဲခတ်ရဦးမှာပါ။ လောလောဆယ် မိုဗစ်ချ် လိုချင်တဲ့ ဈေးက အရမ်းကို များလွန်းနေပါတယ်။ ချဲဆီး ကလဲ အကြွေး ပေါင် 2 ဘီလီယံလောက် ရှိနေတယ်လေ။

ဒီနေ့ အထိတော့ ချဲဆီး ရဲ့ ရောင်းဈေးက ဘယ်လိုလဲ ဆိုတာ ကျနော်တို့လဲ မသိပါဘူး။ ဒါပေမယ့် သူတို့ နဲ့ ကနဦး စကားပြောကြည့်ထားလို့ ဘယ်လောက်ထိ လိုချင်နေလဲ ဆိုတာ ကောင်းကောင်း ခန့်မှန်းလို့ ရပါတယ်။ တစ်ချိန်တည်းမှာ တစ်ခြား အကြောင်းအရင်းတွေကိုပါ ထည့်သွင်းစဉ်းစားရဦးမှာပါ။

ကျနော့် ဘက်က ပြောနိုင်တာ တစ်ခုက တကယ်လို့ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ရင်တောင် တစ်ယောက်ထဲတော့ လုပ်မှာ မဟုတ်ပါဘူး။ ချဲဆီး ကို ဝယ်ယူဖို့ ကြိုးစားပြီ ဆိုတာ နဲ့ အခြား လုပ်ငန်းရှင် 6-7 ယောက် ပါဝင်တဲ့ Consortium ဖွဲ့စည်းပြီးမှ ကမ်းလှမ်းမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ ဗြိတိန် လွှတ်တော် အတွင်း အဗရာမို့ချ် အနေနဲ့ ချဲဆီး ကို ပိုင်ဆိုင်ခွင့် ပေးသင့် မပေးသင့် ကိစ္စကို အသဲအသန် ဆွေးနွေးလာကြသလို ၊ အမတ် တစ်ချို့ က သူ့ရဲ့ ဗြိတိန် ဧရိယာ အတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သင့်တယ်လို့တောင် တောင်းဆိုလာကြပါတယ်။

ဗိုဗစ်ချ ်ကိုယ်တိုင်ကလဲ ဒီလို အခင်းအကျင်းတွေ ပေါ်ပေါက်လာနိုင်တာ ကြိုတွေးထားတဲ့ အတွက် သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို Chelsea Trustees အဖွဲ့ထံ လွှဲပြောင်း အပ်နှင်းတယ်လို့ တရားဝင် ကြေငြာချက် ထုတ်ခဲ့သလို ၊ သူ့ရဲ့ အကြံပေး တွေကလဲ ယူကရိန်း ကိစ္စ အဆင်ပြေစေဖို့ ကြားဝင်ကာ ဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။

သို့သော် နိုင်ငံရေး အပြောင်းအလဲတွေက မျှော်လင့်မထားတဲ့ အတိုင်းအတာမျိုးတွေ အထိ ဖြစ်သွားနိုင်လို့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အသိမ်းမခံရခင် ၊ ချဲဆီး ကို ရောင်းချတာက အကောင်းဆုံး ဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

နည်းပြ တူချယ် ကတော့ အခုလို ထွက်ပေါ်နေတဲ့ သတင်းတွေ အပေါ် မှတ်ချက် တစ်စုံတရာ ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အပြင် ၊ အဲဒီ မေးခွန်းတွေ ဖြေကြားဖို့ သူ့မှာ လုံလောက်တဲ့ အချက်အလက်တွေ မရှိဘူးလို့ ပိတ်ပြောကာ သတင်းထောက်တွေ အနေနဲ့ နောက်ထပ် ဒါမျိုး မေးခွန်းတွေ ထပ်မမေးကြဖို့ ဒေါသတကြီး နဲ့ တုန့်ပြန်ထားပါတယ်။

ယူုကရိန်း အပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားကြောင့် ချဲဆီး အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။

SM