ချဲဆီးကို ရောင်းချလို့ ရတဲ့ ငွေတွေ အားလုံးကို ယူကရိန်း စစ်ဘေး ဒုက္ခသည်တွေ အတွက် ပြန်လည် လှူဒါန်းသွားမယ့် အဗရာမိုဗစ်ချ်

ချဲဆီး ပရိသတ်တွေ မကြားချင်ဆုံး သတင်းတစ်ပုဒ်ကို အဗရာမိုဗစ်ချ် ကိုယ်တိုင်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကို အသွင်သစ် တစ်ခုနဲ့ တစ်ခေတ်ဆန်းအောင် အလှည့်အပြောင်းအလုပ်ပြခဲ့တဲ့ ဘီလီယံနာကြီးဟာ သူ သိပ်ကို သံယောဇဉ်ကြီးမားလွန်းတဲ့ ချဲဆီး ကလပ် ကို ရောင်းချတော့မှာ ဖြစ်ကြောင်း ကိုယ်တိုင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မီဒီယာတွေ ရဲ့ စာမျက်နှာထက်မှာ ဆက်တိုက် ဖော်ပြခံနေရတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် တင်ပြချင်ပါတယ်။ အရင်တုန်းကလဲ ကျနော် ပြောပြီးပါပြီ ၊ ကျနော် ဟာ ကလပ် အသင်းရဲ့ အကျိုးကို မျှော်ပြီးတော့ပဲ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာပါ။

လက်ရှိ အခြေအနေ အရ ကျနော့် အနေနဲ့ အသင်းကို ရောင်းချဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ ၊ ဒါကလဲ အသင်းအတွက် ၊ ပရိသတ်တွေ အတွက် ၊ ဝန်ထမ်းတွေ အတွက် ၊ စပွန်ဆာတွေ ၊ ပါတနာတွေ အတွက် အကောင်းဆုံး ဖြစ်မယ်ထင်လို့ ဆုံးဖြတ်ချက် ချလိုက်တာပါ” လို့ အတည်ပြု သွားခဲ့ ပါတယ်။

မိုဗစ်ချ်ဟာ ချဲဆီး ကို ထိပ်တန်း အသင်းကြီး တစ်သင်း အဖြစ် လည်ပတ်နိုင်ဖို့ အတွက် ကိုဗစ် ကပ်ရောဂါ ဆိုးဖြစ်တဲ့ အကြားက သူ့ရဲ့ငွေတွေ စိုက်ထုတ်ရင်း အစဉ်တစိုက် လည်ပတ်ခဲ့သူပါ။ ကိန်း ဂဏန်းအားဖြင့် တွက်ကြည့်လိုက်ရင် သူ စိုက်ထုတ်ခဲ့တဲ့ ငွေက ပေါင် 1.5 ဘီလီယံ အထိ ရှိခဲ့ပါတယ်။

လေ့လာသုံးသပ်သူတွေ ကတော့ အဲဒီ အကြွေး ပမာဏကြောင့် အရောင်းအဝယ် ကိစ္စမှာ အကျေအလည် ဆွေးနွေးရတာမျိုးတွေ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ၊ ရုရှား သူဌေးကြီးကတော့ အဲဒီ 1.5 ဘီလီယံ ပမာဏ ကို ကလပ်ဆီကနေ ပြန်တောင်းမှာ မဟုတ်ပဲ လျော်ပစ်မယ့် အပြင် ၊ အသားတင် ကျန်တဲ့ ငွေတွေ အားလုံးကိုပါ ယူကရိန်း က စစ်ဘေးသင့် ပြည်သူတွေ အတွက် လှူဒါန်းပေးမယ့် အကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ ကလပ် ကို ရောင်းချမယ့် အစီအစဉ်ကို အလျှင်စလို လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ထုံး လုပ်နည်းတွေ အတိုင်း ဆက်လက် လုပ်သွားမှာပါ။ ကျနော့် အနေနဲ့ ထုတ်ချေးထားတဲ့ ချေးငွေတွေကို ပြန်ပေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။
အခုရောင်းလိုက်ရတဲ့ ကိစ္စဟာ စီးပွားရေး နဲ့ မဆိုင်သလို ၊ ပိုက်ဆံကြောင့်လဲ မဟုတ်ပါဘူး။ အားလုံး က ကလပ် အကျိုး ကို ရှေးရှုပြီး လုပ်ခဲ့ရတာပါ။

ဒါ့အပြင် ကျနော့် ရဲ့ အကြံပေး အဖွဲ့ကို ပရဟိတ အသင်းတစ်သင်း ဖွဲ့စည်းတည်ထောင်ဖို့ ညွှန်ကြားထားပြီး အခု ရောင်းချလို့ ရတဲ့ထဲက အသားတင် ငွေပမာဏ ကို အဲဒီ အဖွဲ့ထံ အားလုံး လှူဒါန်းသွားမှာပါ။ အဲဒီ ပရဟိတ အဖွဲ့ဟာ ယူကရိန်း ကျူးကျော်စစ်ကြောင့် ဒုက္ခ ခံစားရသူတွေ အားလုံးကို ကူညီ ပံ့ပိုးသွားပါလိမ့်မယ်။ အဲဒီ အထဲမှာ အရေးပေါ် လိုအပ်တဲ့ အကူအညီတွေ ၊ ရေရှည် ပြန်လည် တည်ဆောက်ရေးမှာ လိုအပ်တဲ့ ကိစ္စတွေမှာပါ ထည့်ဝင် သုံးစွဲသွားမှာပါ။

ဒီဆုံးဖြတ်ကို ဘယ်လောက်အထိ ခက်ခက်ခဲခဲ ချမှတ်လိုက်ရလဲ ဆိုတာ နားလည်ပေးကြပါ၊ ကျနော့် အတွက်လဲ အရမ်းကို နာကြင်ရပါတယ်။

နောက်ဆုံး အနေနဲ့ ကျနော် ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို လာရောက်ပြီး ခင်ဗျားတို့ အားလုံးကို ကိုယ်တိုင် ကိုယ်ကျ နှုတ်ဆက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ချဲဆီး ရဲ့ သမိုင်းမှာ အစိတ်အပိုင်းတစ်ခု အဖြစ် ရပ်တည် ပါဝင်ခွင့်ရခဲ့တာ ကျေနပ်မိသလို ၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အတွက်လဲ ဂုဏ်ယူမိပါတယ်။

ချဲဆီး နဲ့ ချဲဆီး ပရိသတ်တွေ အားလုံး ကျနော့် နှလုံးသားထဲမှာ ထာဝရ ရှိနေမှာပါ” လို့ သူ့ရဲ့ တရားဝင် ထုတ်ပြန် ကြေငြာချက်မှာ ဖော်ပြသွားခဲ့ ပါတယ်။

SM