ချန်ပီယံလိဂ် ဝင်ခွင့်ရရင် အပိုဆုကြေးငွေ အမြောက်အမြား ရရှိကြမယ့် အာဆင်နယ် အသင်းသားများ

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတာ ၅ နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကဆို နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့် နဲ့ လွဲချော် ခဲ့ရပါတယ် ။

ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိရေး အတွက် သေချာ အာရုံစိုက် လုပ်ဆောင် နေခဲ့ပြီး ၊ နွေရာသီ အပြောင်းအရွှေ့မှာဆို ကစားသမား ခေါ်ယူမှု အတွက် ပေါင် သန်း ၁၅၀ ကျော် အသုံးပြု ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီ အစမှာတုန်းက သုံးပွဲဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရပေမယ့် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာကာ အခုဆို အမှတ်ပေး ဇယား အဆင့် ၄ နေရာမှာ ရပ်တည် နေနိုင်ပါတယ် ။

အာဆင်နယ် အသင်းသာ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အရယူ နိုင်ပါက အသင်းသားတွေဟာ အပိုဆုကြေးငွေ အမြောက်အများ ရရှိ သွားဖို့ ရှိကြောင်း Daily Mail က ရေးသား ဖော်ပြ လိုက်ပါတယ် ။

Daily Mail က ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရပါက အာဆင်နယ် အသင်းသားတွေ အနေနဲ့ ဆုကြေးငွေ အများဆုံး ပေါင် ၅ သိန်း အထိ ရသွားနိုင်တယ်လို့ ဆိုပါတယ် ။ ကစားသမား အားလုံး ညီတူမျှတူ ရမှာတော့ မဟုတ်ဘဲ ဆုကြေး အများဆုံး ရမယ့် ကစားသမားဟာ ပေါင် ၅ သိန်း အထိ ရမှာ ဖြစ်ပါတယ် ။

ဒါ့အပြင် အဆိုပါ သတင်းမှာပဲ Top 4 အတွင်း ဝင်ပါက လစာ တိုးမြင့် ရရှိ သွားမယ့် ကစားသမား အချို့ရှိနေတယ်လို့ ဆိုပါတယ် ။ အာဆင်နယ် အသင်းအတွက်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပါက ရုပ်သံ ဝင်ငွေ ပေါင် သန်း ၅၀ ဝန်းကျင် အထိ ရသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ရယူ ထားနိုင်ပြီး ၊ နောက်ဆုံး ၁၀ ပွဲမှာလည်း ရှုံးပွဲ တစ်ပွဲသာ ရှိပါတယ် ။ အာဆင်နယ် အသင်းဟာ အဆင့် ငါး က မန်ယူနိုက်တက် နဲ့ ၁ မှတ် ၊အဆင့် ၆ က ဝက်စ်ဟမ်း နဲ့ ၃ မှတ်ပဲကွာပေမယ့် ပွဲကျန် ၃ ပွဲအထိ ကျန်ရှိနေပါသေးတယ် ။

SM