ချန်ပီယံလိဂ် မဲခွဲမှု ရလာဒ် အပေါ် သူတို့ ရဲ့ အမြင်များ

ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ၊ ဆီးမီး ဖိုင်နယ် အဆင့် မဲခွဲပွဲဟာ ဒီညနေမှာပဲ ကျင်းပသွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ အငြင်းပွားဖွယ်ရာ နည်းစနစ်ပိုင်း ဆိုင်ရာ ချို့ယွင်းချက်တွေ ထွက်ပေါ်လာခြင်း မရှိပဲ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။

ကွာတား ဖိုင်နယ် အဆင့် မဲခွဲပွဲမှာ ကံ တရားရဲ့ ဖေးမမှု ကို ရရှိဆုံး အသင်းက ဘိုင်ယန် မြူးနစ် လို့ ပြောလို့ ရပြီး ၊ ကံကြမ္မာ မျက်နှာသာ မပေးမှု ကို မရရှိခဲ့တာ ရီးရဲ မက်ဒရစ် ဖြစ်ပါတယ်။

ရီးရဲ မက်ဒရစ် ဟာ ရှုံးထွက် အဆင့်မှာတုန်း ကလဲ ကမ္ဘာကျော် ဘောလုံးသမားတွေ နဲ့ စုဖွဲ့ ထားတဲ့ ပီအက်စ်ဂျီ နဲ့ ရင်ဆိုင် ကစားခဲ့ရသလို ၊ ကွာတား ဖိုင်နယ် အဆင့်မှာတော့ လက်ရှိ ဥရောပ ချန်ပီယံ ချဲဆီး နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနှစ်က အကြိုဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ခဲ့ဖူးသလို ၊ နည်းပြ အန်ဆယ်လော့တီ အတွက်လဲ အသင်းဟောင်း ကို ပြန်လည် ရင်ဆိုင်ရမယ့် ပွဲမျိုး ဖြစ်ပါတယ်။

မနှစ်က ထိပ်တိုက်တွေ့ဆုံ ခဲ့စဉ် ကတော့ ချဲဆီး က 3-1 ရလာဒ် နဲ့ အနိုင်ရခဲ့ပေမယ့် ၊ ဒီနှစ်မှာတော့ ရီးရဲ မက်ဒရစ် ဟာ အန်ဆယ်လော့တီ ရဲ့ လက်ထက်မှာ စုစည်းမှု အပြည့်နဲ့ ပြန်လည် တည်ဆောက်ထားတာတွေ့ရပါတယ်။ ချဲဆီး ကစားသမားဟောင်း ဂျိုကိုး ကတော့ သူ့ အသင်းပဲ နောက်တစ်ဆင့် ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောဆိုသွားခဲ့ ပါတယ်။

“ ရီးရဲ နဲ့တွေ့ဆုံ နေတဲ့ အပေါ် ချဲဆီး တော်တော်ကြီး ကို ကျေနပ်နေမှာပါ။ မနှစ်က ဆီမီး ဖိုင်နယ် အဆင့်မှာ တွေ့ခဲ့တဲ့ ပုံစံ အတိုင်း နှစ်သင်း စလုံးက အပြောင်းအလဲတွေ အများကြီး လုပ်မထားကြပါဘူး။ ချဲဆီး ဟာ လောလောဆယ် မှာ ဘောလုံး ပိုင်း ဆိုင်ရာ ဖိအားတွေ သိပ်ပြီး များမနေလို့ ခြေစွမ်းက ပိုပြီး ကောင်းလာနိုင်သလို ၊ တစ်ချို့သော ကိစ္စရပ်တွေကြောင့် ပိုပြီးလဲ ဆိုးရွားသွားနိုင်ပါတယ်။

အန်ဆယ်လော့တီ ကလဲ ရီးရဲ မက်ဒရစ် ကို ဘယ်လို စုစည်းထားတယ် ဆိုတာ သိပါတယ်။ သူတို့ က ခြိမ်းခြောက်မှု တစ်ခုပါပဲ။ ဒါပေမယ့် ချဲဆီး ကလဲ သူ့ အကြောင်းပြချက်နဲ့သူ ရီးရဲ နဲ့ တွေ့တာကို သဘောကျနေမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လက်ရှိ ဘောလုံးရာသီ အတွက် ကံအကောင်းဆုံး အသင်းက ဘိုင်ယန် မြူးနစ် အသင်း ဖြစ်ပြီး ကွာတား ဖိုင်နယ် ကို တက်ရောက်လာတဲ့ အချိန်ထိ ဘာ အခက်ခဲမှကို မတွေ့ရသေးပါဘူး။ ရှုံးထွက် အဆင့်မှာ အသင်းငယ် ဆဲလ်ဘု နဲ့ တွေ့ခဲ့သလို ၊ ကွာတား ဖိုင်နယ် အဆင့်မှာလဲ ဗီလာ ရီးရဲနဲ့ တွေ့ဆုံနေပါတယ်။

အားကစား ဆလီဟာမစ်ဇ်ဒစ် ကတော့ သူတို့ ဟာ ဗီလာ ရီးရဲ ကို လုံး၀ လျှော့မတွက်ထားဘူးလို့ ဆိုလိုက်ပြီး ၊ ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင် ကစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

 

အုပ်စုတွင်း တုန်းကလဲ မရဏ အုပ်စုမှာ ကျရောက်ခဲ့သလို ၊ ရှုံးထွက် အဆင့်မှာလဲ စီးရီးအေ ချန်ပီယံ နဲ့ တွေ့ခဲ့တဲ့ လီဗာပူး ဟာ ကွာတား ဖိုင်နယ် မှာတော့ ကံတရား ရဲ့ ဖေးမမှု ကို ပြန်ရသွားပြီလို့ ပြောလို့ ရပါတယ်။ ဒီအဆင့်ကို တက်ရောက်လာတဲ့ အသင်းတွေထဲမှာ အားအနည်းဆုံး ဖြစ်တဲ့ ဘင်ဖီကာ နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ယူနိုက်တက် ကစားသမားဟောင်း အိုဝင် ဟာဂရေ့ဗ် ကတော့ အခုလို သုံးသပ်သွားခဲ့ ပါတယ်။

“ ဘင်ဖီကာ အတွက် ဒီအဆင့်ထိ တက်လှမ်းလာနိုင်တာ ကျေနပ်စရာပါ။ ဒါပေမယ့် လီဗာပူး က အကောင်းဆုံး ပုံစံမျိုးမှာ မရှိဘူး ဆိုရင်တောင် သူတို့ အတွက် မလွယ်ပါဘူး။ အခက်ခဲမရှိနဲ့ ကျော်ဖြတ်မှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

သို့သော် ဘင်ဖီကာ အသင်းရဲ့ ဒါရိုတ်တာ လွီဆာအို ကတော့ “ ဒီ ထိပ်တိုက်တွေ့ဆုံမှု က ကျနော်တို့ အတွက် စိန်ခေါ်မှုတွေ ကြီးမားလွန်းပါတယ်။ 2006 ခုနှစ် မှာတုန်းက သူတို့က လက်ရှိ ချန်ပီယံပါ။ အဲဒီ အချိန် ကျနော်တို့ နဲ့ တွေ့တော့ ကျနော်တို့ပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ပြခဲ့ ပါတယ်။

လီဗာပူး ဟာ ခံစစ်ရော ၊ တိုက်စစ်မှာပါ တောင့်တင်းတဲ့ အသင်းပါ။ ဒါပေမယ့် ကျနော်တို့ ရဲ့ တိုက်စစ်ကလဲ တကယ်ကို လျှင်မြန်မှု မြင့်မားပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ယူနိုက်တက် ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ် ကို တက်လာတဲ့ အေတီကို ကတော့ ဒီ အဆင့်မှာလဲ နောက်ထပ် မန်ချက်စတာ အသင်းဖြစ်တဲ့ မန်စီးတီး နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တွေ့ဆုံတာ ပထမ ဆုံးအကြိမ်ပါ။

2016 ခုနှစ် ကတော့ ဆီမြွန်နီ ဟာ ပက်ဂွာဒီယိုလာ ကိုင်တွယ်တဲ့ ဘိုင်ယန် မြူးနစ် နဲ့ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး နှစ်ကျော့ပေါင်း 2-2 သရေ ကျကာ အဝေးကွင်း ဂိုး စည်းမျဉ်း နဲ့ ဗိုလ်လုပွဲ ကို တက်ရောက်ခဲ့ဖူးပါတယ်။

SM