ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့တဲ့နောက် ဝန်ခံမှု 2 ခု ပြုလုပ်သွားတဲ့ အေတီကို အသင်းခေါင်းဆောင် ကိုကီ

ဒီနေ့ နံနက်မှာတော့ စပိန် ထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့် ဒုတိယမြောက် ပွဲစဥ်အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင််ခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းအတွက်် သွင်းဂိုးကို နောက်ခံလူ ရီနန် လိုဒီ က ပွဲချိန် 41 မိနစ်မှာ သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီိး ရယူနိုင်ခဲ့ပေမဲ့ အေတီကို ခံစစ်ကို ထိုးဖောက်နိုင်စွမ်း မရှိတဲ့အတွက် နာကျင်ခံစားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ပထမ အကျော့ တုန်းကလည်း မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ စပိန်မြေမှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူပြီး ကစားပြခဲ့ပါသေးတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းကပဲ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်မှာလည်း အက်သလက်တီကို မက်ဒရစ် အသင်းဟာ ပွဲချိန် အစ 7 မိနစ် မှာပဲ လိုဒီ ရဲ့ ဖန်တီးပေးမှု ၊ ဂျွာအို ဖဲလစ် ရဲ့ ဂိုးသွင်းယူမှုကြောင့် ပွဲစဥ်ကို ဦးဆောင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် လူငယ် တိုက်စစ််ကစားသမားလေး အီလန်ဂါက ခြေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် ဒုတိယ အကျော့က ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ််ခဲ့ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းက ဘောလုံး ပိုင်ဆိုင်မှု ရယူတာက လွဲရင် ဂိုးသွင်းယူနိုင်စွမ်း ၊ အေတီကို ခံစစ်ကို ထိုးဖောက် နိုင်စွမ်း ကင်းမဲ့နေခဲ့တဲ့ အတွက် နှစ်ကျော့ပေါင်း 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အသင််း ခေါင်းဆောင် ဖြစ်သူ ကိုကီ က သူတို့တွေ ပထမအကျော့ထဲက ယူနိုက်တက် တို့ကို အနိုင်ယူ နိုင်ခဲ့သင့်ကြောင််း ၊ နိုင်ပွဲ အတွက် နှစ်ကျော့လုံး သွင်းဂိုးတွေနဲ့ ပတ်သက်ခဲ့တဲ့ လိုဒီ ထက် အော့ဘလက် က ပိုပြီး အခရာ ကျခဲ့ကြောင်း ဝန်ခံစကား ဆိုခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့တွေဟာ ပထမအကျော့ ပွဲစဥ်ကတည်းက အနိုင် ရလဒ် နဲ့ ထိုက်တန်ခဲ့ကြတာပါ ။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အရာကို ရရှိနိုင်ရေး အတွက် ဒီမှာလည်း ဆက်လက်ပြီး ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲကြီးမှာ တက်နိုင်သလောက် အဝေးကြီး ဆက်သွားချင်ကြတာပါ ။ အခုထိ ပြိုင်ပွဲမှာ ဆက်ရှိနေရတာက တကယ့်ကို အံ့ဖွယ် ပါပဲ ။ အနိမ့်အမြင့် အတက်အကျ များခဲ့ရတဲ့ အခုလို ဘောလုံး ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း ဆက်ရှိနေတာက တကယ့်ကို အရေးကြီးလှပါတယ် ”

” ကျွန်တော့် အတွက်တော့ ဂျန် အော့ဘလက် က ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ပါပဲ ။ ဒါကို ဒီ​နေ့ည ပွဲစဥ်မှာ သူဟာ ဆက်လက် ပြသသွားနိုင်ခဲ့ပါတယ် ” လို့ ကိုကီ က အသင်းဖော် ဝါရင့် ဂိုးသမား ဖြစ်သူကိုပါ ဆက်လက် ချီးကျူး သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar