ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ် အသင်းထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ မားကို့စ် အလွန်ဆို

ပြီးခဲ့တဲ့ ရက်သတ္တပတ် က ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန်မြို့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲမှု ကျင်းပ ပြုလုပ်ခဲ့ရာ ၊ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ရင်ဆိုင် ကျော်ဖြတ်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ထပ်မံ ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ် ။

ဒီပွဲဟာ ကွာတားဖိုင်နယ် အဆင့်ရဲ့ အကောင်းဆုံးနဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံးပွဲလည်း ဖြစ်နေပါတယ် ။ ပြီးခဲ့တဲ့ ရာသီမှာတော့ ချဲလ်ဆီး ဟာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ၃ – ၁ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်ကာ ၊ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ၊ မန်စီးတီးအား ၁ – ၀ နဲ့ နိုင်ကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

ဒီနှစ် ဘောလုံးရာသီမှာတော့ ဒီ ၂သင်းလုံး ဟာ ပြင်သစ် လီဂူးဝမ်း ကလပ်တွေ ဖြစ်ကြတဲ့ ပီအက်စ်ဂျီ ၊ လိုင်လီတို့ကို ၁၆သင်း ရှုံးထွက်အဆင့်မှာ အနိုင်ယူ ကျော်ဖြတ်ကာ ၊ ကွာတားဖိုင်နယ်သို့ အသီးသီး တက်လှမ်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ စပိန် ဝါရင့် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ကတော့ ရီးရဲလ်မက်ဒရစ် ဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ နာမည်ကြီး ပီအက်စ်ဂျီ အသင်းကို အနောက်ကနေ လိုက်ကစားပြီး ဖြုတ်ချနိုင်ခဲ့တာ မှန်ပေမယ့် ၊ ၄င်းတို့ဟာ လက်ရှိ ချန်ပီယံ ဖြစ်တာကြောင့် ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိကြောင်း မက်ဆေ့ခ်ျ ပေးလိုက်ပါတယ် ။

AS Dario နဲ့ တွေ့ဆုံရာမှာ မားကို့စ် အလွန်ဆို က ” ကျွန်တော်တို့ ဘာလုပ်ပြနိုင်လဲ ဆိုတာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်မှာ သက်သေပြခဲ့ပြီးသားပါ ။ ဒါဟာ မတူညီတဲ့ နှစ်တနှစ် ၊ နောက်ထပ် ထိပ်တိုက် တွေ့ဆုံမှု တခု ၊ ကြီးကျယ်တဲ့ ကလပ် ၂သင်းရဲ့ အားပြိုင်မှု ဖြစ်ပါတယ် ။ ကျွန်တော်တို့ကလည်း ဆီမီးဖိုင်နယ်ကို ရောက်ဖို့ အရာရာ ကြိုးစား ပေးဆပ်သွားမှာပါ ။ ”

” ကျွန်တော်တို့ ၂သင်းမှာ ဘယ်အသင်းက အနိုင်ရပြီး နောက်တဆင့် တက်သွားမယ် ဆိုတာမျိုး ပြတ်သားမှု မရှိနေပါဘူး ။ ဒီလို အဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘယ်အသင်းမဆို ခန့်မှန်းရ ခက်ပါတယ် ။ သေချာတာကတော့ ဒါဟာ လှပပြီး ခက်ခဲ ကြမ်းတမ်းမယ့် အဆင့်ဆိုတာပါပဲ ။ ”

” ၅၀ ရာခိုင်နှုန်းစီ အခွင့်အရေး ရှိတယ်ပဲ ဆိုကြပါစို့ ။ ကျွန်တော်တို့ဟာ ဟန်ချက် အရမ်းညီတဲ့ အသင်း တသင်း ဖြစ်နေပါပြီ ။ ဒီလို ခန့်မှန်းရခက်တဲ့ ရှုံးထွက် အဆင့်မှာ အသေးစိတ် အချက်အလက်လေးတွေက အနိုင်အရှုံးကို အဆုံးအဖြတ် ပေးပါတယ် ။ ကျွန်တော်တို့ဟာ မတူညီတဲ့ ပုံစံ အမျိုးမျိုးနဲ့ ကစားနိုင်စွမ်းရှိတဲ့ အသင်း တသင်းပါ ။ ”

” ကျွန်တော်တို့ဟာ ခံစစ် အရမ်း ကျစ်လျစ်ပြီး ၊ ပြိုင်ဖက်တွေ အတွက် ရင်ဆိုင်ဖို့ မနှစ်မြို့လောက်အောင် ခက်ခဲတဲ့ အသင်း ဖြစ်ပါတယ် ။ ကွင်းတွင်း ကစားသမား ၁၁ယောက်လုံး တက်ညီလက်ညီ ခံစစ် အတွက် ခုခံပေးတတ်ကြပါတယ် ။ ချန်ပီယံလိဂ်ရဲ့ ဒီအဆင့်မှာ အရာရာတိုင်းက ညီမျှမှု ရှိပါတယ် ။ ”

” အခုလို ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ဖို့ မဲမကျခင်ကတည်းက ရီးရဲလ်မက်ဒရစ် ဟာ အန္တရာယ် အရမ်းရှိတဲ့ အသင်းတသင်း ဖြစ်မှန်း ကျွန်တော်တို့ သိထားကြပြီးသားပါ ။ ၁၆သင်း အဆင့်မှာ ပီအက်စ်ဂျီ ဟာ သူတို့ထက် ပိုပြီး ရေပန်းစားခဲ့ပေမယ့် ၊ ခင်ဗျား ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ဘယ်လိုမှ မျက်ကွယ်ပြုလို့ မရပါဘူး ။ ”

” ဟုတ်ပါတယ် ။ ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် ရီးရဲလ်မက်ဒရစ် ဆိုတာ ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်း အဖြစ် ရှိနေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR