ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တပွဲ ဖြစ်တဲ့ ချဲလ်ဆီး – ရီးရဲလ်မက်ဒရစ် ပွဲအပေါ် ခန့်မှန်းချက် ပေးလိုက်တဲ့ ပီတစ်

လာမယ့် ဧပြီလ ပထမ ရက်သတ္တပတ် အတွင်းမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ပထမ အကျော့ပွဲတွေ ကစားကြမှာ ဖြစ်ပြီး ၊ ဒီအထဲမှာ ပရိသတ်တွေရဲ့ မျှော်လင့်စောင့်စားမှု အရဆုံး ထိပ်တိုက် တွေ့ဆုံမှုကတော့ ချဲလ်ဆီး – ရီးရဲလ်မက်ဒရစ် ပွဲပဲ ဖြစ်ပါတယ် ။

ဒီ ၂သင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီး ၊ ချဲလ်ဆီး အသင်းက ၂ကျော့ပေါင်း ရလဒ် ၃ – ၁ နဲ့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ရီးရဲလ်မက်ဒရစ် ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့နှစ်က ရှုံးကြွေးကို ပြန်ဆပ်ဖို့ သေချာပေါက် ကြိုးစားမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အဖို့ကတော့ လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်ရမှာ ဖြစ်သလို ၊ လတ်တလော ကြုံတွေ့နေရတဲ့ အသင်းပိုင်ရှင် အပြောင်းအလဲကြောင့် မရေရာမှု များစွာနဲ့ ရင်ဆိုင်နေရကာ ၊ ပထမ အကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျက ပွဲကိုလည်း ကွင်းပိတ် ကစားရဖို့ များနေတယ်လို့ သတင်းတွေ ထွက်ထားပါတယ် ။

၁၆သင်း ရှုံးထွက် အဆင့်မှာ ချဲလ်ဆီး ဟာ ပြင်သစ် ချန်ပီယံ လိုင်လီ အသင်းကို ၂ကျော့ပေါင်း ၄ – ၁ နဲ့ အနိုင်ရခဲ့ပြီး ၊ ရီးရဲလ်မက်ဒရစ် ကတော့ နာမည်ကြီး ပီအက်စ်ဂျီ အသင်းကို နောက်ကနေ လိုက်ကစားခဲ့ရကာ ၊ ၂ကျော့ပေါင်း ၃ – ၂ နဲ့ ကွာတားတက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ ဒီရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲ အတွက် ချန်ပီယံဆုကို မျှော်လင့် မရနိုင်တော့ပေမယ့် ၊ ဖလား ၂လုံး ချန်ပီယံ ဖြစ်ခွင့် အပြည့်အဝ ရှိနေပါသေးတယ် ။ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ သောမတ်စ် တူချယ်နဲ့ ချဲလ်ဆီး အသင်းသားတွေမှာ မက်ဒရစ်ကို နောက်တကြိမ် အနိုင်ယူ ကျော်ဖြတ်နိုင်စွမ်း ရှိတယ်လို့ ခန့်မှန်းသွားခဲ့ပါတယ် ။

Lord Ping နဲ့ တွေ့ဆုံခဲ့ရာမှာ ပီတစ် က ” သူတို့ ရီးရဲလ်မက်ဒရစ်ကို ထပ်မံ အနိုင်ယူပြနိုင်ပါသေးတယ် ။ El Classico ပွဲကို ခင်ဗျားတို့ ကြည့်ခဲ့ကြတယ် မဟုတ်လား ။ ကျွန်တော် ဟာ ပီအက်စ်ဂျီနဲ့ မက်ဒရစ် ကစားခဲ့တဲ့ ပွဲကို ရောက်ခဲ့ပြီး ၊ အဲဒီတုန်းကလည်း ပီအက်စ်ဂျီ က ၂ကျော့လုံးမှာ ပိုသာတဲ့ အသင်း ဖြစ်သယောင် ရှိခဲ့ပြီး ၊ ၄ ၊ ၅ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ် ။ ”

” ပီအက်စ်ဂျီ မလုပ်နိုင်ခဲ့တာကို ဘာစီလိုနာ က လုပ်ပြသွားခဲ့တာပါ ။ အခု လက်ရှိ ချဲလ်ဆီးကို ကြည့်လိုက်ရင်လည်း သူတို့မှာ ရီးရဲလ်မက်ဒရစ်ကို ဒုက္ခ အပြည့်ပေးနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား အများအပြား ရှိနေပါတယ် ။ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် သမိုင်းကြောင်း က အရမ်း ကြီးကျယ် ခမ်းနားတာ သိပေမယ့် ၊ ချဲလ်ဆီးကပဲ ဆီမီးဖိုင်နယ်ကို တက်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပီတစ် က သူ့ရဲ့ အသင်းဟောင်း အတွင်း လတ်တလော ကြုံတွေ့နေရတဲ့ မရေရာမှုတွေနဲ့ ပတ်သက်ပြီး ” ဒါမျိုး အရင်က ဘောလုံး လောကမှာ တကြိမ်တခါမှာ ကျွန်တော် မမြင်ခဲ့ဖူးပါဘူး ။ ကျွန်တော်သာ ဒီလို ဖြစ်ရပ်မျိုး ကြုံနေရတဲ့ ကလပ် တသင်းရဲ့ အဝတ်လဲခန်းထဲမှာဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိမှာပါ ။ ”

” ဒါပေမယ့် အများကြီးတော့ မေးခွန်းထုတ်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲ ဆိုတော့ များသောအားဖြင့် ကျွန်တော် ဟာ ဘဏ်မှာ ကိုယ့်ရဲ့ လစာငွေတွေ စုထားတတ်လို့ပါ ။ အဓိကကတော့ အသင်းကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ ဝန်ထမ်းတွေ အတွက် ဒီလို မရေရာတဲ့ အခြေအနေက အမြန်ဆုံး ကျော်လွန်နိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် ။ ”

” သူတို့ဆို အနာဂတ် အတွက် ဖိအားတွေ အရမ်း များနေကြမှာပါ ။ မန်နေဂျာနဲ့ ကစားသမားတွေဖက်ကလည်း ကျွန်တော် အပြည့်အဝ စာနာပေးနိုင်ပါတယ် ။ ဒါပေမယ့် ကန့်သတ်မှု အချို့တော့ ရှိပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒါက သူတို့ရဲ့ ဘဝတွေ အပေါ် တိုက်ရိုက် မသက်ရောက်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR