ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်စီးတီးနဲ့ တွေ့ဆုံနေပေမယ့် ဖိုင်နယ်ကို ကြိုတင် အိမ်မက်မက်နေပြီလို့ ဆိုလိုက်တဲ့ အက်သလက်တီကို ဥက္ကဌ

မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲမှာ မန်ချက်စတာစီးတီး အသင်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူက သူတို့အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ကြိုတင် အိမ်မက်မက်နေပြီလို့ ပြောလိုက်ပါတယ်။ အက်လက်တီကိုဟာ နောက်ဆုံး ၁၆ သင်း အဆင့်မှာ မာကျောတဲ့ ခံစစ်ကစားပုံနဲ့အတူ မန်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ အနိုင်ယူကာ ကွာတားကို တက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

နောက်ဆုံး ၈ သင်းအဆင့်မှာလည်း အက်သလက်တီကိုဟာ မန်ချက်စတာကို နောက်တစ်ခါ ပြန်လာရအုံးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံနဲ့ တွေ့ဆုံမှာ ဖြစ်တာကြောင့် ဒီတစ်ခေါက် စိန်ခေါ်မှုက ပိုပြီး ခက်ခဲနေမှာ သေချာပါတယ်။ ဒီပွဲကို အနိုင်ရတဲ့ အသင်းဟာ ဆီမီးဖိုင်နယ်မှာ ရီးရဲယ်မက်ဒရစ် or ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပရိတ်သတ်တွေ အနေနဲ့ မက်ဒရစ်ဒါဘီကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

အက်သလက်တီကို ဥက္ကဌ အန်းနရစ်ဆီရီဇိုက သူတို့အသင်းဟာ ဆီမီးဖိုင်နယ် နဲ့ ဖိုင်နယ်အတွက် ကြိုတင်စိတ်ကူး ရေးဆွဲထားပြီးပြီလို့ ပြောခဲ့ပါတယ်။

ဆီရီဇိုက “ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အရည်အသွေးမြင့် ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့ မန်ချက်စတာ ကနေ နိုင်ပွဲရယူပြီး ပြန်လာတာ မကြာသေးပါဘူး။ ကျွန်တော်တို့ နောက်ထပ် ကြီးကြယ်တဲ့ ဥရောပတစ်ညကို ထပ်ပြီး ပိုင်ဆိုင်နိုင်အောင် လုပ်သွားမှာပါ။ ဘယ်သူနဲ့ပဲတွေ့တွေ့ ပြသနာ မရှိပါဘူး။ စီးတီးဟာ ကြီးကြယ်တဲ့ မန်နေဂျာ နဲ့ ကြီးကြယ်တဲ့ အသင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ ကျွန်တော့် အနေနဲ့ ဒီအဆင့်မှာ ဘယ်စပိန်ကလပ်နဲ့မှ မတွေ့ချင်ခဲ့ပါဘူး။ ဒါ့ကြောင့် ယခုလိုမျိုး ကိုယ်ရောက်ဖူးပြီးသား မြို့ကို ထပ်သွားရတာဟာ ကံကောင်းပါတယ်။ ဘယ်နေရာမှာ ညစာ စားရမလဲ။ ဘယ်မှာ တည်းခိုရမလဲ။ ဆိုတာ ကျွန်တော်တို့ သိထားပြီး ဖြစ်တဲ့ မြို့ပါပဲ။

ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရီးရဲယ်မက်ဒရစ်နဲ့ အတူ ရောက်ချင်ပါတယ်။ ပဲရစ်မှာ ကစားရမယ့် ဖိုင်နယ်ဟာ တအားကို ကောင်းမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ခုချိန်မှာ လမ်းတစ်ဝက်ကို ရောက်နှင့်နေပြီးပါပြီ။ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်ဖို့အတွက် အိမ်မက်မက်နိုင်တဲ့ အ‌ကြောင်း ကျွန်တော်တို့မှာ ရှိထားပြီးသားပါ။ ကျွန်တော်တို့ ဒါကို အိမ်မက်မက်နေပါတယ်။

ဒိအဆင့်မှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ မလွယ်ကူပါဘူး။ ကျွန်တော်တို့ဟာ စီးတီးအကြောင်း သိထားပြီး ဖြစ်သလို သူတို့လည်း ကျွန်တော်တို့ အကြောင်း သိထားမှာပါ။ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး အများကြီး လေးစားမှု ရှိပါတယ်။ ကျွန်တော်တို့မှာ ဆီမွန်နီလို ကာလရှည် ကိုင်တွယ်ထားတဲ့ နည်းပြ ရှိပါတယ်။ ချန်ပီယံလိဂ်ဖလားဟာ ဘာကြောင့်များ မဖြစ်နိုင်ရမှာလဲ?” လို့ ဆိုလိုက်ပါတယ်။

SM