ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အကြောင်း သိကောင်း စရာများ

2021-22 ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပွဲစဉ်တွေ ကစားနေတာ တစ်ဝက်ကျိုးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လီဗာပူး နဲ့ မန်စီးတီး ၊ ဘွန်ဒက်လီဂါ ချန်ပီယံ ဘိုင်ယန် မြူးနစ် ၊ လာလီဂါ က ရီးရဲ မက်ဒရစ် အသင်းတွေဟာ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

ရှေ့တစ်ပတ်ထဲမှာတော့ ချဲဆီး vs လိုင်လီ ၊ ဗီလာရီးရဲ vs ယူဗင်တပ် ၊ ဘင်ဖီကာ vs အိုင်းယက် ၊ အေတီကို vs ယူနိုက်တက် အသင်းတွေ ဆက်ပြီး ကစားကြမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် အတွက် မဲခွဲပွဲကို မတ်လ 18 ရက်နေ့ သောကြာနေ့ မှာ ဆွစ်ဇာလန် နိုင်ငံ နီယွန်မြို့မှာ ကျင်းပသွားမှာပါ။

ကွာတား ဖိုင်နယ် မဲခွဲပွဲ ဆိုပေမယ့် ၊ ဆီမီး ဖိုင်နယ် ၊ ဗိုလ်လုပွဲမှာ ဘယ်အသင်းက Home Team အဖြစ် သတ်မှတ် ကစားခံရမယ် ဆိုတဲ့ အကြောင်းအရာတွေကိုပါ တစ်ခါတည်း မဲခွဲသွားမှာပါ။

ဒီအဆင့်မှာ ကန့်သတ်ချက်တွေ ဘာတစ်ခုမှ မရှိတော့သာကြောင့် ဘယ်အသင်းမဆို ထိပ်တိုက်တွေ့ဆုံခွင့် ရှိနေပါတယ်။ ရှုံးထွက် အဆင့်တုန်းကလို တစ်နိုင်ငံတည်း အသင်းတွေ အချင်းချင်း ၊ တစ်အုပ်စုတည်း အသင်းတွေ အချင်းချင်း မတွေ့ရ ဆိုတဲ့ ကန့်သတ်ချက်တွေလဲ မရှိတော့ပါဘူး။

UEFA ဟာ ကွာတား ဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲပြီးတာ နဲ့ အဲဒီ ထိပ်တိုက် တွေ့ဆုံမှုတွေကို 1 ကနေ 4 အထိ ပြန်လည် သတ်မှတ်ကာ ၊ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကိုပါ တစ်ခါတည်း ခွဲမှာပါ။

ဒါကြောင့် ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ထွက်လာပြီ ဆိုတာ နဲ့ အကြို ဗိုလ်လုပွဲမှာ ဘယ်အသင်းတွေ ဘယ်လို ထိပ်တိုက်တွေ့နိုင်တယ် ၊ အဲဒီ ကနေ ဗိုလ်လုပွဲ ဆီ ဆက်တက်ခဲ့ရင် ဘယ်သူက Home Team အသင်းအဖြစ် သတ်မှတ်ခံရနိုင်တယ် ဆိုတာတွေကိုပါ တစ်ခါတည်း သိခွင့်ရမှာ ဖြစ်ပါတယ်။

ကွာတား ဖိုင်နယ် အဆင့် ပွဲစဉ် ပထမ အကျော့ ပွဲစဉ်တွေကို ဧပြီလ 5/6 ရက်မှာ ကစားမှာ ဖြစ်ကာ ၊ ဒုတိယ အကျော့ ပွဲတွေကိုတော့ ဧပြီ 12/13 ရက်တွေ မှာ ကစားမှာပါ။

ဆီမီး ဖိုင်နယ် ပထမ အကျော့ပွဲစဉ်တွေကိုလဲ ဧပြီလထဲမှာပဲ ကစားမှာ ဖြစ်ပြီး ၊ ဧပြီ 26/27 ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာ ရလာဒ်ကောင်းဖို့ မျှော်လင့်ထားတဲ့ အသင်းတွေ အနေနဲ့ ဧပြီလအတွင်းမှာ ဒဏ်ရာပြသနာတွေ ကင်းရှင်းနေဖို့ သိပ်ကို အရေးပါနေပါတယ်။

ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ကိုတော့ မေလ 3-4 ရက်နေ့တွေမှာ ဆက်တိုက် ကစားသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး ဗိုလ်လုပွဲကြီး ကိုတော့ မေလ 28 ရက်နေ့ ၊ ပဲရစ် က Stade de France ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ဘွတ်ကီ ဒိုင်တွေ ရဲ့ ဈေး ဖွင့်လှစ်မှု အနေအထား အရ မန်စီးတီး က ချန်ပီယံလိဂ် ဖလားကြီးကို သိမ်းပိုက်ဖို့ ရေပန်း အစားဆုံး ဖြစ်ပြီး ၊ ဘိုင်ယန် မြူးနစ် က ဒုတိယ နေရာ နဲ့ လီဗာပူး တို့က တတိယ နေရာမှာ အသီးသီး ရပ်တည်လျှက် ရှိနေကြပါတယ်။

SM