ချန်ပီယံလိဂ်မှာ ဗိုလ်စွဲ နိုင်ချေရှိတဲ့ အသင်းတွေကို ရွေးပေးလိုက်တဲ့ မက်ဆီ

PSG အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း ၅ သင်းကို ရွေးထုတ် သွားခဲ့ ပါတယ် ။

မက်ဆီ ရဲ့ PSG ကတော့ ပြီးခဲ့တဲ့ အပတ် တုန်းက ရီးရဲ မက်ဒရစ် ကို အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါပြီ ။

PSG ဟာ ဒီရာသီမှာ မက်ဆီ ၊ ဒွန်နာရမ်မာ ၊ ရာမိုစ့် ၊ ဟာခီမီ တို့ကို ခေါ်ယူ အားဖြည့် ထားပြီး နေမာ ၊ ဘာပေ ၊ ဒီမာရီယာ ၊ ဗာရက်တီ တို့လို ကစားသမားတွေလည်း ရှိနေတာကြောင့် ဥရောပမှာ သရဖူဆောင်းဖို့ အလေးပေး အခံရဆုံး အသင်း ဖြစ်ခဲ့ ပါတယ် ။

ပြင်သစ် ထိပ်သီး အသင်းဟာ ရီးရဲ ကို ပထမ အကျော့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ရခဲ့ပြီး ဒုတိယ အကျော့ အဝေးကွင်းမှာလည်း ပထမပိုင်း ပြီးသည်အထိ ၁-၀ နဲ့ ထပ်မံ ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒုတိယပိုင်းမှာ ရီးရဲ တိုက်စစ်မှူး ဘန်ဇီးမား က တဦးတည်း ဟက်ထရစ် သွင်းယူခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ မက်ဆီ ၊ နေမာ ၊ ဘာပေ တို့ကို ပြိုင်ပွဲ ကနေ ထွက်ခွာရစေခဲ့ ပါတယ် ။

ဒါကြောင့် PSG တို့ အနှစ်နှစ် အလလ မျှော်လင့် ခဲ့ရတဲ့ အိပ်မက် ဟာလည်း ဒီတနှစ်မှာ ပျက်ပြယ် သွားခဲ့ရပြန် ပါပြီ ။

“လူတိုင်းက ကျွန်တော်တို့ကို ရေပန်း အစားဆုံးလို့ ဝိုင်းပြီး သတ်မှတ် ထားကြပါတယ် ။ အသင်းရဲ့ အင်အား အရ ဒါကို ကျွန်တော် မငြင်းနိုင် ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့မှာ တိုးတက်စရာတွေ အများကြီး ရှိနေ ပါသေးတယ် ။

ပွဲတပွဲ ကို အသင်းတသင်း ပုံစံမျိုးနဲ့ အနိုင် ယူဖို့ လိုအပ်သလို အသင်းက ထိပ်သီး ကစားသမားတွေ ရဲ့ စွမ်းဆောင်မှုတွေလည်း ပါဝင်ဖို့ လိုအပ်မှာပါ” လို့ မက်ဆီ က ၁၆ သင်းဆင့် ကနေ လက်ပြ မနှုတ်ဆက်ရခင် မှာ စပိန် သတင်းစာ မာကာ ကို ဖွင့်ပြောသွားခဲ့ ပါတယ် ။

ဆက်လက်ပြီး “နောက်ပြီးတော့ ကျွန်တော်တို့ ချည်းပဲ ( ဗိုလ်စွဲဖို့ ) ရေပန်း စားနေတာ မဟုတ်ပါဘူး ။ အခြား ထိပ်တန်း အသင်းတွေ ၊ အခြား ချန်ပီယံလောင်းတွေလည်း ရှိပါတယ် ။

အကောင်းဆုံး အသင်းတွေ ဒီမှာ ဝင်ပြိုင်နေကြတာပါ ၊ အပေါ်ဆင့်တွေ ရောက်လေ ပိုခက်ခဲ လေပါပဲ”

“ဒီဘက်ခေတ်တွေမှာ လီဗာပူး က အရမ်းကောင်းတဲ့ အသင်း တသင်းပါ ။ ချန်ပီယံလိဂ် နဲ့ ပြန်ထိတွေ့တဲ့ လီဗာပူး ဖြစ်နေ ပါပြီ ။ မန်စီးတီး ၊ ဘိုင်ယန်မြုးနစ် ၊ ရီးရဲ နဲ့ အက်သလက်တီကို မက်ဒရစ် တို့ကလည်း ဗိုလ်စွဲဖို့ အလားအလာကောင်းတဲ့ အသင်းတွေပါပဲ” လို့ မက်ဆီ က ပြောပြ သွားခဲ့ ပါတယ် ။

လက်ရှိ အချိန်အထိမှာတော့ အသင်း ၆ သင်းဟာ ကွာတားဖိုင်နယ် လက်မှတ်တွေ ရရှိ ထားကြပါပြီ ။ ဒီညမှာတော့ ယူဗင်တပ် နဲ့ ဗီလာ ရီးရဲ ၊ လိုင်လီ နဲ့ ချဲလ်ဆီး တို့ပွဲတွေကို ဆက်ကစားကြမှာ ဖြစ်ပြီး သောကြာနေ့ မှာတော့ ကွာတားဖိုင်နယ် အဆင့် မဲခွဲမှုကို ပြုလုပ် သွားမှာပဲ ဖြစ်ပါတယ် ။

ကွာတား ဖိုင်နယ် လက်မှတ် ရရှိထားသည့် အသင်းများ –

ဘိုင်ယန်မြုးနစ်

ရီးရဲမက်ဒရစ်

အက်သလက်တီကို မက်ဒရစ်

မန်ချက်စတာ စီးတီး

ဘင်ဖီကာ

လီဗာပူး

 

SPORTS MYANMAR