ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘင်ဖီကာနဲ့ တွေ့ဆုံနေတဲ့ အပေါ် ယာဂန်ကလော့ရဲ့ မှတ်ချက်စကား

လီဗာပူး အသင်းဟာ ယနေ့ညမှာ ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် မဲခွဲပွဲမှာ ကံကောင်းစွာနဲ့ဘဲ အသင်းကြီးတွေကို ရှောင်လွှဲနိုင်ခဲ့ကာ ဘင်ဖီကာ နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ၁၆ သင်း အဆင့်မှာ အင်တာမီလန်ကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ ကျော်ဖြတ်ကာ ကွာတားကို တက်လာခဲ့တာ ဖြစ်ပြီး ဘင်ဖီကာ ကတော့ အိုင်ယက်ကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ ကျော်ဖြတ်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

လီဗာပူးဟာ ကွာတားဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင် ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲယ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ယာဂန်ကလော့ဟာ သူနည်းပြ ဖြစ်လာကတည်းက တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးသေးတဲ့ အသင်းနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အပေါ် စိတ်လှုပ်ရှားနေပါတယ်။

ကလော့က “ဒီပွဲအတွက် တကယ့်ကို ရင်ခုန်နေပါတယ်။ ဒါဟာ ကွာတားဖိုင်နယ်ပါ။ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဘင်ဖီကာဟာ အိုင်ယက်နဲ့ ပွဲစဉ်မှာ တကယ်ကောင်းအောင် စွမ်းဆောင်ခဲ့ပါတယ်။ လူတွေက ကျွန်တော်တို့ဟာ နောက်တဆင့် အတွက် ရေပန်းစားတယ်လို့ ပြောနေကြမယ် ဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုမျိုး တွေးလိုက်မယ်ဆိုရင် ဒါဟာ ကျွန်တ်ာတို့ ပြုလုပ်တဲ့ ပထမဦးဆုံး အမှား ဖြစ်သွားမှာပါ။

ကျွန်တော်ကတော့ ဒီပွဲကို တကယ် ရင်ခုန်နေပါတယ်။ သူတို့ လုပ်ပြခဲ့တာတွေကို ကျွန်တော် အများကြီး လေးစားပါတယ်။ ဘင်ဖီကာဟာ ကြီးကြယ်တဲ့ ကလပ်ပါ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော် ဘင်ဖီကာ နဲ့ တစ်ခါမှ မရင်ဆိုင်ဖူးခဲ့ဘူးလို့ ထင်ပါတယ်။ လစ္စဘွန်းဟာ အရမ်းကို ကောင်းတဲ့ မြို့ပါ။ လီဗာပူး နည်းပြ ရာထူးကို လက်မခံမီ ကျွန်တော် အဲဒီမှာ တစ်ပတ်လောက် အားလပ်ရက် ယူခဲ့ပါတယ်။

ကျွန်တော် မိုက်ကယ်ဂေါ်ဒွန်ရဲ့ ဖုန်းခေါ်မှုကို လစ္စဘွန်းကနေ ရခဲ့တာပါ။ ဒါဟာ ကောင်းမွန်တဲ့ အမှတ်တရ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီအချိန်တုန်းက ကော်ဖီဘားရဲ့ အပြင်ဘက်မှာ ထိုင်နေခဲ့တာ ဖြစ်ပြီး ဖုန်းလက်ခံ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ လစ္စဘွန်းမှာပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

လီဗာပူးဟာ ဧပြီလ ၅ ရက်နေ့ ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် Estadio da luz မှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ ဧပြီလ ၁၃ ရက်နေ့ အန်ဖီးမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

ဒုတိယအကျော့ကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမယ့် အပေါ် ကလော့က “ဒါဟာ ကောင်းပါတယ်။ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရတာ ပိုကောင်းပါတယ်။ ဒါပေမယ့် ပထမအကျော့ ရလဒ် အပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်တို့ သူတို့ကွင်းမှာ အကောင်းဆုံး ကစားသွားဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး အန်ဖီးမှာ ကစားရမယ့် ဒုတိယအကျော့မှာ ဒါကို အသုံးချနိုင်အောင် ဖန်တီးသွားမှာပါ။ ကွာတားဖိုင်နယ်မှာ ကျွန်တော် မလိုချင်တဲ့ တစ်ခုတည်းသော အရာကတော့ အင်္ဂလန် အသင်းတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ အင်္ဂလန် အသင်းနဲ့ မရင်ဆိုင်ခဲ့ရတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အရည်အသွေးကြောင့်ပဲ မဟုတ်ပါဘူး။ လိဂ်ပြိုင်ပွဲကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ရာသီအတွင်းမှာ သူတို့နဲ့ လုံလောက်အောင် ရင်ဆိုင် ကစားရပါတယ်။ ဥရောပ ပြိုင်ပွဲမှာတော့ အခြား အသင်းနဲ့ တွေ့ဆုံခဲ့တာ ကောင်းပါတယ်။” လို့ မှတ်ချက်ပေးလိုက်ပါတယ်။

SM