ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ဘောလုံးသမား ဘ၀ တလျောက် အကောင်းဆုံး ဟက်ထရစ် ၅ ခု

စနေနေ့ တုန်းက ရိုနယ်ဒို ဟာ ဟက်ထရစ် သွင်းယူပြီး မန်ချက်စတာ ယူနိုက်တက် ကို တော့တင်ဟမ် ဟော့စပါး လက်ထဲကနေ ကယ်တင်ခဲ့ ပါတယ် ။

ဒီနိုင်ပွဲဟာ ယူနိုက်တက် အတွက် အဆင့် ၄ နေရာလုဘက် တသင်းဆီက အမှတ်ရယူ နိုင်ခဲ့တာ ဖြစ်လို့ ၆ မှတ်တန်တဲ့ နိုင်ပွဲလို့ ဆိုနိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ ဝေဖန်သံတွေကို တိတ်သွား စေခဲ့ပြီး ၈၀၇ ဂိုးနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်းမှာ ဂိုးအများဆုံး သွင်းယူတဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

စပါး နဲ့ ပွဲက ဟက်ထရစ် ဟာ ရိုနယ်ဒို ရဲ့ ကစားသမား ဘဝမှာ ၅၉ ကြိမ်မြောက် ဟက်ထရစ် ဖြစ်ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ၂၀၀၈ ခုနှစ်က ကစားခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲမှာ သူ့ဘ၀ ရဲ့ ပထမဆုံးသော ဟက်ထရစ် ကို သွင်းယူနိုင်ခဲ့ ပါတယ် ။ ဟက်ထရစ် အများစုကိုတော့ ရီးရဲမက်ဒရစ် မှာ ကစားရင်း သွင်းယူခဲ့တာပါ ။

သူ့ဘ၀ တလျောက် သွင်းခဲ့သမျှ ဟက်ထရစ်တွေထဲက အကောင်းဆုံး ( အရေးအပါဆုံး ) ဟက်ထရစ် ၅ ခုကတော့ –

၅ ။ ပေါ်တူဂီ ၃-၃ စပိန် ( ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဆင့် )

၂၀၁၈ ကမ္ဘာ့ဖလား ဟာ ရိုနယ်ဒို နဲ့ မက်ဆီ တို့ရဲ့ အကောင်းဆုံး စွမ်းရည်တွေကို နောက်ဆုံး မြင်တွေ့ခွင့် ရတဲ့ ပြိုင်ပွဲ ဖြစ်လာ နိုင်တာကြောင့် တကမ္ဘာလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြ ပါတယ် ။

ပေါ်တူဂီ ဟာ အုပ်စု အဖွင့် ပွဲမှာ ဥရောပ အင်အားကြီး စပိန် နဲ့ ရင်ဆိုင် ခဲ့ရပြီး ရိုနယ်ဒို ရဲ့ နိုင်ငံ အသင်းကြီးတွေ ကို ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဟာ ပေါ်တူဂီသားကြီး အပေါ် မျှော်လင့်ထားမှုတွေ နည်းစေခဲ့ ပါတယ် ။

ဒါပေမယ့် တကယ်ကစားချိန် မှာတော့ ရိုနယ်ဒို ဟာ ပေါ်တူဂီ အတွက် ဦးဆောင်ဂိုးတွေ ကို ၂ ကြိမ်တိုင် သွင်းပေး ခဲ့ပြီး ၃-၂ နဲ့ ရှုံးနိမ့် နေချိန် မှာလည်း ဖရီးကစ် ကနေ ချေပဂိုး ကို ထပ်သွင်းပေးခဲ့ ပါတယ် ။

ဒီ ဟက်ထရစ် ဟာ ရိုနယ်ဒို ကို ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမား စာရင်းထဲကို ဝင်ရောက် စေခဲ့ ပါတယ် ။

၄ ။ ရီးရဲမက်ဒရစ် ၄-၂ ဘိုင်ယန်မြုးနစ် ( ၂၀၁၇ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ )

၂၀၁၆-၁၇ ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ အပြီးမှာ ရီးရဲ က ဘိုင်ယန် ကို ၂-၁ နဲ့ ဦးဆောင် နေပါတယ် ။ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒုတိယ အကျော့ ရဲ့ ဒုတိယပိုင်း မှာတော့ ရောဘတ် လီဝန်ဒေါ့စကီး က ပင်နယ်တီ ကနေ ဘိုင်ယန် အတွက် ဦးဆောင်ဂိုးကို စသွင်းပေးခဲ့ ပါတယ် ။

ရိုနယ်ဒို က ရီးရဲ အတွက် ပြန်ချေပ ပေးခဲ့ပေမယ့် ရာမိုစ့် ရဲ့ O.G က နှစ်ကျော့ပေါင်းရလဒ် တူညီ သွားစေခဲ့ပြီး အချိန်ပို ဆက်ကစားရ စေခဲ့ ပါတယ် ။

အချိန်ပို မှာတော့ ၁ ယောက်လျော့ သွားတဲ့ ဘိုင်ယန်ဟာ ရီးရဲ ကို မတားဆီး နိုင်တော့ပါဘူး ။

ရိုနယ်ဒို က နောက်ထပ် ၂ ဂိုး သွင်းပြီး ဟက်ထရစ်ယူခဲ့သလို ချန်ပီယံလိဂ် သမိုင်းမှာ ပထမဆုံး ဂိုး ၁၀၀ ပြည့်မြောက်သူလည်း ဖြစ်လာခဲ့ ပါတယ် ။

၃ ။ ရီးရဲမက်ဒရစ် ၃-၀ ဝုဖ်ဘတ် ( ၂၀၁၆ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ )

ရီးရဲမက်ဒရစ် သမိုင်း တလျောက် ချန်ပီယံလိဂ် မှာ ၂-၀ နဲ့ အရေးနိမ့်နေတဲ့ အသင်းကို ဟက်ထရစ် သွင်းပြီး ဆွဲတင် နိုင်တဲ့ ကစားသမားက ၂ ယောက်ပဲ ရှိခဲ့ ပါတယ် ။ တယောက်က ကာရင် ဘန်ဇီးမား ဖြစ်ပြီး PSG ဘက်ကို ဟက်ထရစ် သွင်းသွားခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ် ။ နောက်တယောက် ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ပါ ။

၂၀၁၅-၁၆ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ပထမ အကျော့မှာ ဂျာမန် ကလပ် ဝုဖ်ဘတ် ဟာ ချန်ပီယံလိဂ် ဝါရင့်ကြီး ရီးရဲမက်ဒရစ် ကို ၂-၀ နဲ့ အနိုင် ကစားပြီး အားလုံးကို အံ့အားသင့် စေခဲ့ ပါတယ် ။ အဝေးကွင်းမှာ ဂိုးမရဘဲ ၂ ဂိုးပြတ် ရှုံးခဲ့တာကြောင့် နောက်တဆင့် တက်ဖို့ အလားအလာ နည်းသွားခဲ့ရတဲ့ ရီးရဲ ကို ဒုတိယ အကျော့မှာ ရိုနယ်ဒို က ဟက်ထရစ် နဲ့ ကယ်တင်ခဲ့ ပါတယ် ။ အဆုံးမှာတော့ ရီးရဲ က နှစ်ကျော့ပေါင်း ၃-၂ ရလဒ် နဲ့ နောက်တဆင့် တက်ခဲ့ ပါတယ် ။

၂ ။ ဆွီဒင် ၂-၃ ပေါ်တူဂီ ( ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ဒုတိယ အကျော့ )

၂၀၁၄ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ တို့ အုပ်စု ကနေ လှည့်ပြန် ခဲ့ရပါတယ် ။ ဒါပေမယ့် ရိုနယ်ဒို ရဲ့ ဂိုးတွေသာ မရှိခဲ့ဘူး ဆိုရင် သူတို့ ဘရာဇီး ကိုတောင် သွားခွင့် ရလိုက်မှာ မဟုတ်ပါဘူး ။

ပေါ်တူဂီ ဟာ ဥရောပဇုန် ခြေစစ်ပွဲမှာ Play-off ကစားခဲ့ရပြီး ဆွီဒင် အသင်းလို တောင့်တင်းတဲ့ အသင်းနဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။

ပထမ အကျော့ ပေါ်တူဂီ မြေပေါ်မှာ ရိုနယ်ဒို ရဲ့ တလုံးတည်းသော ဂိုးနဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့ပြီး ဒုတိယ အကျော့ မှာလည်း ရိုနယ်ဒို က ပဲ ပေါ်တူဂီ အတွက် တယောက်တည်း ၃ ဂိုး သွင်းပေးခဲ့ပါတယ် ။

ပေါ်တူဂီ ပရိသတ်တွေ ကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off မှာလည်း ရိုနယ်ဒို တယောက် ဒီလို ထပ်လုပ်ပြ နိုင်ဖို့ မျှော်လင့် နေကြမှာပါ ။

 

၁ ။ ယူဗင်တပ် ၃-၀ အက်သလက်တီကို မက်ဒရစ် ( ၂၀၁၉ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ )

ဝုဖ်ဘတ် နဲ့ ဖြစ်ရပ်အပြီး ၃ နှစ်အကြာမှာတော့ ရိုနယ်ဒို ရဲ့ နောက်ထပ် အံ့သြ ချီးကျူးစရာ ဟက်ထရစ် တခုကို မြင်တွေ့ ခဲ့ရ ပြန်ပါတယ် ။

ဒီတခါတော့ ပြိုင်ဘက်က ဝုဖ်ဘတ် ထက် ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး ရိုနယ်ဒို ကတော့ ရီးရဲထက် ပိုနိမ့်တဲ့ အသင်းမှာ ရှိနေခဲ့တာပါ ။

ဒါပေမယ့်လည်း ရိုနယ်ဒို ဟာ အဆုံးအဖြတ် အခိုက်အတန့်တွေ မှာ အလွန် အားကိုးရတဲ့သူ ဖြစ်နေသေးတာ ကို ဆက်လက် ပြသ နိုင်ခဲ့ ပါတယ် ။

စပိန် မြေပေါ်မှာ ၂-၀ နဲ့ အက်သလက်တီကို မက်ဒရစ် ကို ရှုံးခဲ့ ပေမယ့် ယူဗင်တပ် ဟာ ဒုတိယ အကျော့ အီတလီ မြေပေါ် မှာတော့ ရိုနယ်ဒို ရဲ့ ဟက်ထရစ် နဲ့ ပြန်လည် အနိုင် ရခဲ့ပြီး ကွာတားဖိုင်နယ် ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR