ကွာတားဖိုင်နယ် မဲခွဲမှု အပြီး ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်လာတဲ့ အသင်းများ

၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီ ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး ကတော့ ၁၆ သင်းအဆင့်ကို ကျော်လွန် လာခဲ့ ပါပြီ ။ ။ ရှုံးထွက် အဆင့်ကို ကျော်လွန် လာခဲ့တဲ့ အသင်း ၈ သင်းဟာ ယမန်နေ့က မဲခွဲမှု ခံယူပြီး ကွာတားဖိုင်နယ် မှာ ဆုံတွေ့မယ့် ပြိုင်ဘက်တွေကို ရွေးချယ် ခံခဲ့ရ ပါတယ် ။

မဲခွဲမှု အပြီးမှာတော့ အောက်ပါ ပွဲစဉ်တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

၁ ။ ချဲလ်ဆီး – ရီးရဲ မက်ဒရစ်

၂ ။ မန်စီးတီး – အက်သလက်တီကို မက်ဒရစ်

၃ ။ ဗီလာရီးရဲ – ဘိုင်ယန်မြုးနစ်

၄ ။ ဘင်ဖီကာ – လီဗာပူး တို့ပဲ ဖြစ်ကြပါတယ် ။

ပွဲစဉ် ၁ နဲ့ ၂ က အနိုင်ရတဲ့ အသင်းတွေဟာ ဆီမီးဖိုင်နယ် ပွဲစဉ် ၁ အဖြစ် ဆုံကြမှာ ဖြစ်ပြီး ပွဲစဉ် ၃ နဲ့ ၄ အနိုင် ရလာမယ့် အသင်းတွေ ကတော့ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ အဖြစ် ဆုံတွေ့ ကြမှာ ဖြစ်ပါတယ် ။

ကွာတားဖိုင်နယ် မဲခွဲမှု အပြီးမှာတော့ အောက်ပါ အသင်း ၅ သင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်လာခဲ့ပါတယ် ။

၅ ။ Chelsea

လက်ရှိ ချန်ပီယံ ချဲလ်ဆီး ဟာ မနှစ်တုန်းက ရီးရဲ မက်ဒရစ် ကို ဆီမီးဖိုင်နယ် မှာ ကျော်ဖြတ် ခဲ့ပါတယ် ။ ဒါပေမယ့် ဒီနှစ် မှာတော့ အခြေအနေတွေ က ခြားနား နေပါပြီ ။

ရီးရဲ က ဒီနှစ်မှာ ကစားပုံ ပိုကောင်းလာခဲ့သလို ချဲလ်ဆီး ရဲ့ လက်ရှိ အခြေအနေ ကလည်း ရီးရဲ ထက် အနည်းငယ် နိမ့်လို့ နေပါတယ် ။

စတမ်းဖိုဒ့် ဘရစ် က အကျော့ကို ပရိသတ်တွေ အပြည့်မရှိဘဲ ကစားရမှာတွေ ၊ စပိန် ခရီးစဉ် အတွက် သွားလာရ ခက်ခဲ ကြာမြင့် နိုင်တာတွေ ကလည်း အခုလို အဆင့်တူ အသင်းတွေ ကစားကြချိန်မှာ နှာတဖျား နိမ့်သလို ဖြစ်စေနိုင်ပါတယ် ။

ဒါကြောင့် ချဲလ်ဆီး က အခု အဆင့်ကို ရောက်နေတာ ပါပဲ ။

၄ ။ Real Madrid

ဒီနှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ PSG ကို ကျော်ဖြတ်လာ နိုင်ခဲ့တာက ရီးရဲ ကို အခုလို အဆင့်မှာ ရပ်တည် နေစေခဲ့ ပါတယ် ။

ကွာတားဖိုင်နယ် မှာ မနှစ်တုန်းက ဆီမီးမှာ နောက်ကောက်ချ သွားခဲ့တဲ့ ချဲလ်ဆီး နဲ့ ပြန်ပြီး ရင်ဆိုင်ရမှာပါ ။ ဒီတခါတော့ ရီးရဲ က လက်စားပြန်ချေဖို့ အဆင်သင့် ဖြစ်နေ လောက်ပါပြီ ။

ဒါပေမယ့် ဥရောပ ချန်ပီယံ ဖြစ်ဖို့ ဆိုရင်တော့ ရီးရဲမှာ လိုအပ်ချက်လေးတွေ ရှိနေပါသေးတယ် ။

မနှစ်က လိုပဲ ဆီမီးဖိုင်နယ် လောက်နဲ့ ရပ်တန့် သွားဖို့ များပါတယ် ။

၃ ။ Manchester City

မနှစ်တုန်းက ဒုတိယ ရခဲ့တဲ့ မန်စီးတီး ဟာ နှစ်တိုင်းလိုလို ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်း ဖြစ်နေပါပြီ ။

အသင်းရဲ့ မြောက်များစွာသော ထိပ်တန်း ကစားသမားတွေ ၊ ဂွာဒီယိုလာ လို ချန်ပီယံလိဂ် ၂ ကြိမ် ရထားတဲ့ ထိပ်တန်း နည်းပြတို့ ရှိနေတဲ့ စီးတီး ဟာ ချန်ပီယံလောင်း တသင်း ဖြစ်နေတာ အံ့အားသင့်စရာတော့ မရှိပါဘူး ။

ကွာတားဖိုင်နယ် မှာ ဆုံမယ့် အက်သလက်တီကို မက်ဒရစ် ဟာ စီးတီး ကို ခက်ခဲစေမယ် ဆိုရင်တောင် နောက်တဆင့် မျှော်လင့်ချက် ကို တားဆီး နိုင်ဖို့ အထိတော့ စွမ်းဆောင် နိုင်ဖွယ် မရှိပါဘူး ။

ဆီမီး ဖိုင်နယ်မှာ ဆုံမယ့် အသင်း ( ရီးရဲ သို့ ချဲလ်ဆီး ) ကလည်း မန်စီးတီး ထက် နည်းနည်းလေး နိမ့်နေတယ်လို့ ဆိုနိုင်ပါတယ် ။

စီးတီး တို့ ဒီနှစ် ဗိုလ်မစွဲရင်တောင် မနှစ်ကလောက်အထိတော့ ရနိုင်မှာပါ ။

၂ ။ ဘိုင်ယန်မြုးနစ်

ဘိုင်ယန် ကတော့ ချန်ပီယံလိဂ် မှာ ဘယ်တုန်းကမှ အားပျော့သွားခဲ့တယ်လို့ မရှိပါဘူး ။ ၂၀၁၃ နဲ့ ၂၀၁၉ တွေမှာ ဗိုလ်စွဲ ထားခဲ့ပြီး ဗိုလ်လုပွဲတွေ ၊ ဆီမီးဖိုင်နယ် အဆင့်တွေ ကိုလည်း မကြာခဏ ရောက်ခဲ့ ပါတယ် ။

အခုနှစ်မှာလည်း ဗီလာရီးရဲ နဲ့ ကွာတားဖိုင်နယ် မှာ ဆုံတွေ့ နေတာကြောင့် ဘိုင်ယန် တို့ ဆီမီး ဖိုင်နယ် ကို တက်ဖို့ သေချာသလောက် ရှိနေတယ်လို့ ပြောရမှာပါ ။

ဆီမီးမှာတော့ လီဗာပူး နဲ့ ဆုံဖို့ ရှိနေပြီး ဒီပွဲက ဘိုင်ယန် ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေကို အဆုံးအဖြတ် ပေးမယ့် အရေးအကြီးဆုံး ပွဲလို့တောင် ပြောလိုရ နိုင်ပါတယ် ။

၁ ။ လီဗာပူး

ဘယ် အင်္ဂလိပ် ကလပ်မှ မရဖူးသေးတဲ့ ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ ရှိနေတာ က လီဗာပူး ကို ဒီနှစ် ပြိုင်ပွဲတိုင်းမှာ ပုံစံကောင်းတွေ ရအောင် တွန်းပို့ နေသလိုပါပဲ ။ လိဂ်ဖလား ကို ရယူနိုင်ခဲ့တာ ၊ ပရီးမီးယားလိဂ် မှာ မန်စီးတီး နဲ့ ၁ မှတ်သာ ကွာတော့တာတွေ အပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ဘင်ဖီကာ လို တဆင့်နိမ့်တဲ့ အသင်းနဲ့ ဆုံတွေ့ နေတာတွေက လီဗာပူး ကို အမြင့်ဆုံး အောင်ပွဲ အတွက် မျှော်လင့်လို့ ကောင်းစေခဲ့ ပါတယ် ။

လက်ရှိ စုဖွဲ့မှု နဲ့ ခြေစွမ်းမှာ လီဗာပူး ကို ဘယ်အသင်းမှ ပြတ်ပြတ်သားသား အနိုင်မယူနိုင်ပါဘူး ။

မေလ အကုန်မှာ အနီရောင်တွေ အုန်းအုန်းကျွတ်ကျွတ် နဲ့ အောင်ပွဲခံတာကို မြင်ရမယ်ဆိုရင်လည်း သိပ်တော့ ထူးဆန်းစရာ ဖြစ်မှာ မဟုတ်ပါဘူး ။ ဘာလို့လည်း ဆိုတော့ သူတို့က လက်ရှိ အကောင်းဆုံးတွေ ထဲကတသင်း ဖြစ်နေလို့ပါပဲ . . .

 

SPORTS MYANMAR