ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲမတိုင်မီ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းတွေကို အစဉ်လိုက် ရွေးချယ်လိုက်တဲ့ ဖာဒီနန် နဲ့ ဂျိုကိုး

ရီယိုဖာဒီနန်နဲ့ ဂျိုကိုး တို့ဟာ ယနေ့ည ကွာတားဖိုင်နယ် နဲ့ ဆီမီးဖိုင်နယ် အတွက် မဲခွဲပွဲမတိုင်မီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေကို အစဉ်လိုက် ရွေးချယ်သွားခဲ့ကြပြီး ဥရောပ ဖလားကို ကိုင်မြှောက်နိုင်ရန် ရေပန်းအစားဆုံး ၄ သင်းကို ရွေးချယ်ရာမှာ သဘောထား တူခဲ့ကြပါတယ်။

လက်ရှိ ချန်ပီယံ ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့က လိုင်လီကို နှစ်ကျော့ပေါင်း ၄-၁ နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် တစ်နေရာစာကို ရယူခဲ့ပါတယ်။

ကွာတားဖိုင်နယ် အဆင့်ကို အင်္ဂလန် ၃ သင်း ဖြစ်တဲ့ မန်စီးတီး လီဗာပူး ချဲလ်ဆီး ၊ စပိန် ၃ သင်း ဖြစ်တဲ့ ရီးရဲမက်ဒရစ် အက်သလက်တီကိုမက်ဒရစ် ဗီလာရီးရဲယ် တို့နဲ့ အတူ ဘိုင်ယန်မြူးနစ် ဘင်ဖီကာ တို့ တက်ရောက်လာခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ စပို့တင်းကို နှစ်ကျော့ပေါင်း ၅-၀ နဲ့ အနိုင်ယူကာ တက်လာခဲ့တာ ဖြစ်ပြီး လီဗာပူးကလည်း အင်တာကို ၂-၁ နဲ့ အနိုင်ယူကာ နောက်ဆုံး ၈ သင်း အဆင့်ကို ရောက်လာခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ ပီအက်ဂျီကို အံ့ဖွယ်ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက် ရယူရန် ပစ်မှတ်ထားနေသလို အက်သလက်တီကို ကတော့ မန်ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူကာ ဒီအဆင့်ကို ရောက်လာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ဆဲဘတ်ကို နှစ်ကျော့ပေါင်း ၈-၂ နဲ့ နိုင်ခဲ့ပြီး ဗီလာရီးရဲယ် နဲ့ ဘင်ဖီကာ တို့ကတော့ ဂျူဗင်တပ် နဲ့ အိုင်ယက် တို့ကို ကျော်ဖြတ်လာခဲ့ကြပါတယ်။

ကွာတားဖိုင်နယ် အတွက် မဲခွဲပွဲ မတိုင်မီ ဂျိုကိုးက “ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ၄ သင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အင်္ဂလန် ကလပ်တွေ ဖြစ်ကြတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးတွေလို့ ကျွန်တော် ကတော့ ထင်ပါတယ်။

ဒီနှစ်သင်းကြားမှာ ဒီဖလားအတွက် ဘယ်သူက ပိုပြီး အခြေအနေကောင်းသလဲ ဆိုတာတော့ ကျွန်တော်လည်း မရွေးချယ် တက်ပါဘူး။ အဲဒီနောက် ကျွန်တော့် အနေနဲ့ ဘိုင်ယန်ကို ချဲလ်ဆီးထက် အနည်းငယ် အသာပေး သွားချင်ပါတယ်။-” လို့ ပြောသွားပါတယ်။

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေကို အစဉ်လိုက်စီပေးဖို့ တောင်းဆိုခဲ့ရာမှာ ကိုးက “လက်ရှိ အနေအထားအရ ကျွန်တော့် အနေနဲ့ လီဗာပူး မန်စီးတီး ချဲလ်ဆီး ဘိုင်ယန်မြူးနစ် အက်သလက်တီကိုမက်ဒရစ် ရီးရဲယ်မက်ဒရစ် ဗီလာရီးရဲယ် ဘင်ဖီကာ လို့ ရွေးချယ်မှာပါ။” လို့ ပြောသွားပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်သူ ရီယိုဖာဒီနန်က “ကျွန်တော် ကတော့ မန်စီးတီးကို ရွေးချယ်သွားမှာပါ။ အဲဒီနောက် လီဗာပူး ဘိုင်ယန်မြူးနစ် ချဲလ်ဆီး အက်သလက်တီကိုမက်ဒရစ် ရီးရဲယ်မက်ဒရစ် ဗီလာရီးရဲယ် ဘင်ဖီကာ တို့ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM