ကြွေတက်နေတဲ့ ငှက်ကျားတို့ကို ခြင်္သေ့ပြာတို့ ရပ်တန့်နိုင်ခဲ့တဲ့ ချဲလ်ဆီး ၁ – ၀ နယူးကာဆယ် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings )

မနေ့ည က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ချဲလ်ဆီး – နယူးကာဆယ် ပွဲမှာ အိမ်ရှင် ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ၉ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ နယူးကာဆယ် အသင်းကို ပွဲပြီးခါနီး ရခဲ့တဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

ဒီပွဲမှာလည်း ချဲလ်ဆီး ဂိုးသမား မန်ဒီ အတွက် ဘာမှ ထွေထွေထူးထူး အလုပ်ရှုပ်စရာ မရှိခဲ့ပါဘူး ။ နယူးကာဆယ်ဖက်မှ ဂိုးပေါက်တည့်တဲ့ ခြိမ်းခြောက်မှု ၂ကြိမ်ဟာလည်း ပေါ့ပေါ့ပါးပါးသာ ဖြစ်ခဲ့ပြီး ၊ ကျန်တဲ့ ခြိမ်းခြောက်မှုတွေမှာတော့ ဂိုးပေါက်နဲ့ နီးစပ်မှု မရှိခဲ့ပါဘူး ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 7 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 9 ) ၊ မာလန်းဆား ( Rating – 7 )

အစွန် နောက်ခံလူ ၄ဦးလုံး ကြံ့ခိုင်မှု ၊ ဒဏ်ရာနဲ့ ကိုဗစ် ပြဿနာ အသီးသီး ရှိနေခဲ့တဲ့ အတွက် ၄ယောက်တန်း ခံစစ် အခင်းအကျင်းနဲ့ ချဲလ်ဆီးတို့ ပွဲထွက်ခဲ့ရပါတယ် ။ နယူးကာဆယ်ရဲ့ အတင်းဝင် အတင်းဖျက် ထိုးဖောက် ကစားပုံကြောင့် ချဲလ်ဆီး ခံစစ် ဟာ ပွဲချိန် အတိုင်းအတာ တခု အထိ အခက်တွေ့ခဲ့ရပါတယ် ။

အထူးသဖြင့် သူတို့ အားမသန်တဲ့ အစွန် နောက်ခံ ၂နေရာကို ကစားပေးခဲ့ရတဲ့ ချာလိုဘာနဲ့ ဆားတို့ပဲ ဖြစ်ပါတယ် ။ ဆား ဟာ ဘယ်နောက်ခံလူ အနေနဲ့ ပွဲအချို့ ကစားပေးခဲ့ပြီး ဖြစ်ပေမယ့် ၊ မနေ့ညက ပွဲက ၄င်းရဲ့ စွမ်းဆောင်ရည် ဟာ သာမန် အဆင့်သာ ရှိခဲ့ပြီး ၊ ပွဲချိန် အချို့မှာ ခံစစ်ကို cover up ကောင်းကောင်း မလုပ်ပေးနိုင်ခဲ့ပါဘူး ။

ချာလိုဘာ အတွက်ကတော့ ညာနောက်ခံလူ နေရာကနေ ပထမဆုံး အကြိမ် ပွဲထွက်ခဲ့ရတယ်လို့ ဆိုနိုင်ပြီး ၊ လျင်မြန်မှုနဲ့ တိုးအား အတော်အသင့် ရှိတာကြောင့် ဘောလုံး ကြားဖြတ်တားဆီးတဲ့ အပိုင်း ၊ ကြံ့ခိုင်မှု အရ ပြိုင်ဆိုင်တဲ့ တဦးချင်း ဘောလုံးလုတဲ့ နေရာတွေမှာ အားသားမှု ရှိခဲ့ပါတယ် ။

သို့ပေမယ့် ချာလိုဘာ ဟာ နောဝှစ်ခ်ျနဲ့ ပွဲကလို ချဲလ်ဆီး အတွက် အမှတ်လျော့စေနိုင်မယ့် ဆုံးဖြတ်ချက်မျိုး လုပ်ခဲ့မိပြီး ၊ နယူးကာဆယ် တောင်ပံ ကစားသမား မာဖီကို ပင်နယ်တီ ဧရိယာထဲ အတင်းတွန်းတိုက် ဖြတ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်မှာ ကံကောင်းထောင့်မစွာနဲ့ ပင်နယ်တီ ပေးခဲ့ရခြင်း မရှိပါဘူး ။

ဗဟို ခံစစ် အတွဲက ခရစ်တန်ဆန်နဲ့ ရူဒီဂါတို့ကတော့ နယူးကာဆယ် တိုက်စစ်မှူး ခရစ်ဝုဒ်ကို အသာအယာ ထိန်းနိုင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပြီး ၊ အရပ် ၆ပေကျော်တဲ့ ယင်း နယူးဇီလန် လက်ရွေးစင် တိုက်စစ်မှူး ဟာ တပွဲလုံး မည်မည်ရရ ဂိုးသွင်းခွင့် မရခဲ့သလို ၊ ဒုတိယပိုင်း အတွင်း ၄င်းရဲ့ နှေးကွေးတဲ့ ကစားပုံကြောင့် ရူဒီဂါရဲ့ ခနဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ် ။

ရူဒီဂါကတော့ နောက်ကျ အနိုင်ဂိုးရှင် ကိုင်ဟာဗက်ဇ်ကဲ့သို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်ခဲ့ပြီး ၊ ခံစစ် ကစားပုံ အထူး ကျစ်လျစ်ရုံသာမက ၊ မထင်ရင် မထင်သလို တိုက်စစ် တက်ကစားကာ ၊ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ် ။

ကွင်းလယ် – ဂျော်ဂျင်ဟို ( Rating – 7 ) ၊ အန်ဂိုလို ကန်တေ ( Rating – 8 ) ၊ မေဆင်မောင့် ( Rating – 6 )

ရူးလောက်တဲ့ အဝေးဘော ပံ့ပိုးမှုတွေ တော်ရုံ လုပ်လေ့မရှိတဲ့ ဂျော်ဂျင်ဟို ဟာ ဒီပွဲရဲ့ မှော်ဝင် အခိုက်အတန့်ကို သူ့ရဲ့ တိကျပြီး သေသပ်တဲ့ အဝေးဘော ပေးပို့မှုနဲ့ ဖန်တီးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် အတွင်း ၄င်းရဲ့ ဘောလုံး ပေးပို့မှုတွေ အလေအလွင့် နည်းခဲ့သလို ၊ ခံစစ်ကနေ တိုက်စစ်ကို တည်တဲ့ နေရာမှာ ၄င်းရဲ့ အခန်းကဏ္ဍ က အထူး အရေးပါခဲ့ပါတယ် ။

အလားတူ ကန်တေ ဟာလည်း ဒီပွဲတပွဲလုံး ခံစစ် တိုက်စစ် အချိန်ပြည့် အာရုံစိုက် ကစားနိုင်ခဲ့ပြီး ၊ ဘောစကေး တိုးတက်လာတယ် ဆိုတာကိုလည်း နယူးကာဆယ် ကစားသမားတွေကို တဦးချင်း ဂွကြားထိုး ကျော်ဖြတ်ပြနိုင်ခဲ့တာ က သက်သေထူခဲ့ပါတယ် ။

နောဝှစ်ခ်ျနဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ မေဆင်မောင့် ကတော့ ဒီပွဲမှာ သာမန်အဆင့် ခြေစွမ်းသာ ွှရှိခဲ့ပြီး ၊ ၄င်းဆီက ထူးထူးခြားခြား ဖန်တီးမှုတွေ မမြင်ခဲ့ရတာကြောင့် ချဲလ်ဆီး တိုက်စစ် ဟာ ထင်သလောက် အသက်ဝင် လှုပ်ရှားခဲ့ခြင်း မရှိပါဘူး ။

တိုက်စစ် – ဟာကင် ဇီယက်ခ်ျ ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 8 ) ၊ တီမို ဗာနာ ( Rating – 4 )

ပွဲပြီးခါနီးက ထိုးဖောက် ကစားပုံ အနည်းငယ်ကလွဲရင် ၊ ဒီပွဲမှာ ချဲလ်ဆီး တိုက်စစ် က နယူးကာဆယ် ခံစစ်ကို ထူးထူးခြားခြား ဒုက္ခမပေးနိုင်ခဲ့ပါဘူး ။ ဟာဗက်ဇ် တဦးတည်းသာ လှုပ်လှုပ်ခတ်ခတ် ကစားနိုင်ခဲ့ပြီး ၊ ဗာနာရဲ့ ခြေစွမ်းဟာလည်း နောက်တကြိမ် စိတ်ပျက်စရာ ကောင်းခဲ့ပါတယ် ။

ဟာဗက်ဇ်လို ဘောလုံးထိန်းနိုင်ခဲ့ရင် ၊ ဂိုးမဖြစ်မနေ ရခဲ့သင့်တဲ့ ဗာနာ ဟာ ပထမပိုင်း တပိုင်းလုံး ခြေစွမ်း အတော်ဆိုးရွားခဲ့ကာ ၊ သာမန် ဘောလုံး ပေးပို့ပုံတွေက အစ လွဲခဲ့လို့ ၊ ချဲလ်ဆီး တိုက်စစ် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒီလို အချိန်မှာ ဟာဗက်ဇ် က အသင်းရဲ့ တလုံးတည်းသော အနိုင်ဂိုးကို ပါးပါးနပ်နပ်နဲ့ပဲ ရယူသွားခဲ့ပါတယ် ။

ညာတောင်ပံဖက်က ဇီယက်ခ်ျ ကတော့ တောင်ပံမကျ ၊ wing-back မကျ ပုံစံမျိုး ဆော့ခဲ့ရတာကြောင့် ၊ နည်းစနစ် အပြောင်းအလဲမှာ အံဝင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ် ။ ပင်နယ်တီ ဧရိယာထဲ ဖြတ်တင်ဘော အချို့ လုပ်နိုင်ခဲ့ပေမယ့် ၊ နယူးကာဆယ် ခံစစ် တံတိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး ။

လူစားဝင် ကစားသမားများ – မတ်တီယို ကိုဗာဆစ် ( Rating – 7 ) ၊ ရိုမီလူ လူကာကူ ( Rating – 6 ) ၊ ခရစ်တီယန် ပူလီဆစ် ( N/A )

SPORTS MYANMAR