ကြံရာပါ ဘီလာရု ကိုပါ အရေးယူလိုက်တဲ့ UEFA

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA နဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA တို့ ဟာ ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှား ရဲ့ လုပ်ရပ် နဲ့ ပတ်သက်ပြီး တုန့်ပြန် အရေးယူတဲ့ အနေနဲ့ ရုရှား လက်ရွေးစင် ဘောလုံး အသင်းတွေ ၊ ရုရှား ဘောလုံး ကလပ်တွေကို ပြန်ပွဲကနေ ရက် အကန့်အသတ် မရှိ ထုတ်ပယ်လိုက်တဲ့ အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ ထုတ်ပြန် ကြေငြာထားခဲ့ တာပါ။

ယူကရိန်း နိုင်ငံထဲကို ကို ကျူးကျော်လာခဲ့တဲ့ ရုရှား စစ်တပ်တွေ ဟာ ဘီလာရု နယ်စပ်က လမ်းကြောင်းကနေလဲ ဝင်ရောက်ခဲ့သလို ၊ ဘီလာရု စစ်သားတွေလဲ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ ပါတယ်။

ဒီကနေ့မှာတော့ UEFA ဟာ အရေးပေါ် အစည်းအဝေး တစ်ရပ် ထပ်မံ ကျင်းပခဲ့ပြီး ၊ ရုရှား ကို အားပေး အားမြှောက်လုပ်တဲ့ ဘီလာရု ကို ပိတ်ပင် ကန့်သတ်ချက်တွေ လုပ်ဆောင်တဲ့ အကြောင်း အခုလို တရားဝင် ကြေငြာချက် တစ်ရပ် ထုတ်ပြန်လိုက် ပါတယ်။

“ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခြေအနေတွေကြောင့် ဘီလာရု လက်ရွေးစင် အသင်းတွေ နဲ့ ကလပ် အသင်းတွေဟာ သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို ကြားကွင်းမှာပဲ ကစားရပါတော့မယ်။

နောက်ထပ် ပြောင်းလဲ လာတဲ့ အခြေအနေတွေကို မူတည်ကာ UEFA က နောက်ထပ် အစည်းအဝေးတွေ ဆက်ပြီး ကျင်းပသွားမှာပါ” လို့ ဖော်ပြသွားခဲ့ ပါတယ်။

သတင်းထောက်တွေ ကတော့ ဘီလာရု ရဲ့ အိမ်ကွင်း ပွဲစဉ်ကို ကြားကွင်းမှာ ယှဉ်ပြိုင် ကစားရမယ် လို့ ထုတ်ပြန်လိုက်တဲ့ အပေါ် ဘယ်နိုင်ငံက ဘီလာရု ပွဲစဉ်ကို လက်ခံ ကစားခွင့်ပေးမှာလဲ ဆိုပြီး တန်ပြန် မေးခွန်းထုတ်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ ယူဗင်တပ် အသင်းတွေဟာ Super League စီမံကိန်း ကို အကောင်ထည်ဖို့ အတွက် မကြာခင်မှာ လုပ်ဆောင်တော့မယ့် အကြောင်း သတင်းတွေ လွှင့်လာပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ စီဖာရင် ကတော့ အဲဒီလို နောက်တစ်ကြိမ် ကြိုးစား အားထုတ်လာမှု အပေါ် စိတ်ပျက်မိတဲ့ အကြောင်း သတင်းထောက်တွေ ကို အခုလို ဖြေကြားသွားခဲ့ ပါတယ်။

“ အဲဒီ အားကစား မဆန်တဲ့ ပရောဂျက် နဲ့ ပတ်သက်လို့ တုန့်ပြန်စကားတွေ ပြန်ဖြေနေရတာ ကျနော်လဲ စိတ်ပျက်လှပါပြီ။ နောက်ထပ် လူတွေ အများကြီးကို ထပ်ပြီး မျက်နှာချင်းဆိုင် စကားပြောရဦးမှာလား။ သူတို့ဟာ Parallel World ထဲမှာ ရောက်နေတာ သေချာပါတယ်။

အခုလို ကပ်ရောဂါ ဆိုးကြီးကြောင့် ခေတ်ပျက်နေတဲ့ ကာလမျိုးမှာ ဘောလုံးကစားနည်း ရှင်သန် နိုးထနိုင်ဖို့ အတွက် အားလုံး ပူးပေါင်း ကြိုးစားနေတဲ့ အချိန်မှာ ၊ သူတို့ကတော့ အခြား ပရောဂျက်တောင် အကောင်အထည်ဖော်ဖို့ စိတ်ကူးယဉ်နေကြပါတယ်။

ဒီလို စစ်မက် ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ ဒီလို ကိစ္စတွေ မပေါ်စေချင်ပါဘူး” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

SM