” ကျွန်တော်တို့ကို ယုံလိုက်ပါ ” လို့ ပြောလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင််းတို့ရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုက တူရကီ လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်မီ သူတို့ အသင်းကို ယုံကြည်လိုက်ဖို့ ပရိသတ်တွေဆီ အမှာစကားပါးခဲ့လိုက်ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဥ်တုန်းက ဆားဘီယား လက်ရွေးစင် အသင်းကို 1 – 2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ခြေစစ်ပွဲ ကစားရဖို့ အကြောင်းဖန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ အင်စတာဂရမ်မှာ ပရိသတ်် 416 သန်းရှိတဲ့ ရော်နယ်ဒို က သူတို့ကို ယုံကြည်လိုက်ဖို့ ပရိသတ်တွေဆီ အမှာစကားပါးသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ ဘယ်တုန်းကမှ လျှို့ဝှက်ချက် တစ်ခု မဖြစ်ခဲ့ရပါဘူး ။ ကျွန်တော့် အတွက်တော့ နိုင်ငံ့ အသင်း အတွက် ကိုယ်စားပြု ကစားပေးရတာက အမြဲတမ်းပဲ စပါယ်ရှယ် ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော့်အတွက်တော့ ပေါ်တူဂီ အသင်းရဲ့ နာမည်ကို အမြင့်ကြီး မြှင့်တင်နိုင်ဖို့၊ ပေါ်တူဂီ နိုင်ငံသားတွေအတွက် ပျော်ရွှင်မှုတွေနဲ့ ဂုဏ်ယူစရာတွေ ယူဆောင်ပေးနိုင်ဖို့ ၊ မဖြစ်နိုင်ဘူးဆိုတဲ့အရာ ဘာမှမရှိဘူးဆိုတာ လူငယ်တွေကို ပြသနိုင်ဖို့ အရေးကြီးပါတယ် ”

” ကျွန်တော်တို့ အပေါ် ယုံကြည်လိုက်ပါ ၊ ကျွန်တော်တို့ရဲ့ လက်ရွေးစင် အသင်းအဖွဲ့ အပေါ် ယုံကြည်လိုက်ပါ ။ ခင်ဗျားတို့ရဲ့ အားပေးမှုနဲ့ ထိုက်တန်တဲ့ အရာတွေကို ယူဆောင််ပေးဖို့ အစွမ်းကုန် ကြိုးစား အားထုတ်သွားမှာပါ ။ Forca Portugal! ” လို့ ရော်နယ်ဒို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတုန်းက ဂျူဗင်တပ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပဲ ဖြစ်ပါတယ် ။ အဆိုပါ အချိန်တုန်းက ဂျေဒန် ဆန်ချို ၊ ရာဖေး ဗာရန်း တို့ပါ ပြောင်းရွှေ့ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရလဒ်တွေ မကောင်းခဲ့တဲ့ အတွက် နည်းပြ ဆိုးလ်ရှား နဲ့ လမ်းခွဲခဲ့ရသလို လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် ကိုလည်း ဆုံးရှုံးခဲ့ရပါတယ် ။

အဲ့ဒီနောက် အသင်းဆီ ယာယီ နည်းပြ အဖြစ် ရဲ့လ်ဖ် ရန်းဂနစ် ရောက်လာခဲ့ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေကတော့ တည်ငြိမ်မှု ကင်းမဲ့ဆဲ ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့်မှာ အက်သလက်တီကို မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 5 ရာသီဆက် ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင််သွားခဲ့ရပါတယ် ။

ထို့အတူ ရလဒ် တစ်ခု အနေနဲ့ ကစားသမားတွေလည်း ဝေဖန်မှုတွေအောက် ကျရောက်သွားခဲ့ကြပါတယ် ။ အဲ့ဒီထဲမှာတော့ ဂိုးပေါက် ပျောက်ဆုံးခဲ့တဲ့ ရော်နယ်ဒို လည်း ပါဝင်ခဲ့ပါသေးတယ် ။ အခုတော့ လက်ရွေးစင် အသင်းမှာ ရော်နယ်ဒိုဟာ ဝေဖန်သံတွေကို တိတ်ဆိတ်စေနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar