“ကျွန်တော့် ဘဝမှာ ဖိအားအများဆုံး ပင်နယ်တီ ကန်သွင်းရမှု တစ်ခုပါပဲ ။ ” ပိုလန် အသင်းကို ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိစေခဲ့တဲ့ လီဝန်ဒေါစကီး ရဲ့ရင်ဖွင့် စကားများ

ဆွီဒင် အသင်း နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ဖိုင်နယ်မှာ ကန်သွင်း ရတဲ့ ပင်နယ်တီ ဟာ သူ့ဘဝ တစ်လျှောက် ဖိအား အများဆုံး ပင်နယ်တီတွေထဲက တစ်ခု ဖြစ်ကြောင်း ပိုလန် တိုက်စစ်မှူး လီဝန်ဒေါစကီး က ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

လီဝန်ဒေါစကီး ဟာ ဖိအားတွေ များနေပေမယ့်လည်း ပင်နယ်တီ ကနေ ပိုလန် အသင်းကို ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ ပိုလန် အသင်း နဲ့ ဆွီဒင် အသင်းဟာ ပထမပိုင်း ပွဲကစားချိန် အတွင်း ဂိုးမရှိ သရေကျနေခဲ့ပြီး ဒုတိယပိုင်း စပြီး ၅ မိနစ်အကြာမှာပဲ ဂိုးဧရိယာအတွင်း ကယ်စထရွန် ရဲ့ပြစ်ဒဏ်ကျူးလွန် မှုကြောင့် ပိုလန်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပါတယ် ။

အဆိုပါ ပင်နယ်တီကို လီဝန်ဒေါစကီး က အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့ပြီး ၊ နောက် မိနစ် ၂၀ ကျော်အကြာမှာ ဇီလစ်စကီး က ပိုလန် အသင်းအတွက် အနိုင် ပြတ်သားစေမယ့် သွင်းဂိုး ထပ်မံ သွင်းယူ ပေးခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ ပိုလန် အသင်းဟာ ဆွီဒင် အသင်းကို ၂ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူပြီး ၂၀၂၂ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိ သွားခဲ့ပါတယ် ။

ပွဲအပြီးမှာ အကြီးအကျယ် အောင်ပွဲ ခံခဲ့တဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ပင်နယ်တီ ကန်သွင်းရချိန် သူ့ရဲ့ဖိအားကို ခုလို ရင်ဖွင့် သွားခဲ့ပါတယ် ။ ” တကယ့်ကို ထူးခြားတဲ့ ပွဲတစ်ပွဲပါပဲဗျာ ၊ ကျွန်တော်တို့ အားလုံး ဘာအတွက် ကစားနေကြသလဲဆိုတာ သိကြပါတယ် ၊ ကိုယ့်ကွင်းမှာ ကိုယ်ကစားရတာကလည်း ပိုလွယ်ကူစေခဲ့တယ်ဆိုရမှာပါ ။ ”

” ကျွန်တော်တို့ သွင်းဂိုးရပြီးနောက်ပိုင်း ဆွီဒင် က အနိုင်ရလိုစိတ် အပြည့်နဲ့ ပြန်ကစား ခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပြီး သွင်းဂိုး ရနိုင်တဲ့ အလားအလာ အခြေအနေ တစ်ချို့ကိုလည်း ဖန်တီး နိုင်ခဲ့ပါတယ် ၊ အခုတော့ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိတဲ့ အပေါ် အောင်ပွဲခံပြီး ကမ္ဘာ့ဖလား အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ကြတာပေါ့ဗျာ ။ ”

” ကျွန်တော့် ဘဝမှာ စိတ်ထဲ အလေးလံရဆုံး ဖိအားအများဆုံး ပင်နယ်တီ တစ်ခုပါပဲ ၊ ဖိအားတွေကို ကျွန်တော် သတိပြုမိခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော် ဂိုးဝင်အောင် ကန်သွင်းနိုင်ရေးကိုပဲ အာရုံစိုက် လုပ်ဆောင် ခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာ သိပါတယ် ၊ ပင်နယ်တီ ကန်သွင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ အတော်လေး ဝမ်းသာ ပီတိ ဖြစ်ရပါတယ် ။ ”

” ဒီပင်နယ်တီဂိုးက ကျွန်တော်တို့ အသင်းကို ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိရေးအတွက် ရှေ့တစ်လှမ်းရောက်စေခဲ့တယ်ဆိုရမှာပါ ၊ အဲ့ဒီနောက် ဇီလင်စကီး က ဂိုးထပ်သွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့ ဖြစ်ချင်တဲ့ အတိုင်း ဖြစ်လာခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM