‘ကောင်းကင်မှလာတဲ့ လက်ဆောင်’ လို့ တင်စားလိုက်ကာ အော်ဘာမီယန်းကို ပေးခဲ့တဲ့ အာဆင်နယ်ကို ကျေးဇူးတင်နေတဲ့ ဘာစီလိုနာ နည်းပြဇာဗီ

ဘာစီလိုနာ နည်းပြ ဇာဗီဟာ မနေ့ညက အိုဆာဆူနာကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ကလပ်အတွက် ၅ ဂိုးမြောက် လိဂ်ဂိုးကို သွင်းယူပေးခဲ့တဲ့ ပီယာအမ်းမရစ် အော်ဘာမီယန်းကို ‘ကောင်းကင်မှလာတဲ့ လက်ဆောင်’ လို့ တင်စားလိုက်ကာ ၎င်းကို လက်လွှတ်ပေးခဲ့တဲ့ အာဆင်နယ်ကို ကျေးဇူးတင်နေပါတယ်။

အော်ဘာမီယန်းဟာ နည်းပြ အာတီတာနဲ့ ဆက်ဆံရေး ပြိုကွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီက အာဆင်နယ်မှ ဘာစီလိုနာကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ စပိန်ကို ရောက်လာပြီးနောက် အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေကာ လာလီဂါ ၆ ပွဲမှာ ၅ ဂိုးနဲ့ ယူရိုပါလိဂ်မှာ ၁ ဂိုး သွင်းယူထားခဲ့ပါတယ်။

ဇာဗီက “အော်ဘာဟာ ကောင်းကင်ကနေ ကျလာခဲ့တဲ့ လက်ဆောင်ပါ။ သူဟာ အကောင်းမြင်တက်တဲ့ ကစားသမား ဖြစ်ပြီး အ၀တ်လဲခန်းထဲကို ကောင်းမွန်တဲ့ ပုံစံနဲ့ ရောက်လာခဲ့ပါတယ်။ သူဟာ အသင်းမှာ ကောင်းကောင်း အထိုင်ကျအောင် လုပ်ခဲ့ပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးမှုတွေ လုပ်ပေးသလို press တွေ လုပ်ပြီး ဂိုးတွေလည်း သွင်းယူပေးနေပါတယ်။ သူနဲ့ အလုပ်အတူ တွဲလုပ်ရတာ အထူးအခွင့်အရေး တစ်ခုပါပဲ။” လို့ ဆိုခဲ့ပါတယ်။

အော်ဘာမီယန်းဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ၂၀၂၁ ခုနှစ် အတွင်း ဒုတိယအကြိမ် စည်းကမ်းချိုးဖောက်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ရာထူးကနေ ပယ်ဖျက်ခံလိုက်ရပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ဂန်းနားတို့ အတွက် နောက်ဆုံး ပွဲစဉ်ကို ကစားခဲ့တာပါ။ ဘာစီလိုနာကို ရောက်လာခဲ့ပြီးနောက် ဂါဘွန်စတားက အာဆင်နယ်မှာ သူ့ရဲ့ တစ်ခုတည်းသော ပြသနာက အာတီတာပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အော်ဘာမီယန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အတွက် ၁၄ ပွဲမှာ ၄ ဂိုးသာ သွင်းပေးနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဘာစီလိုနာမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိနေပါတယ်။ အော်ဘာဟာ ဗလင်စီယာနဲ့ ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်ကို သွင်းပေးခဲ့သူ ဖြစ်ပြီး ဘာကာ တိုက်စစ်မှာ ပုံစံကောင်း ပြန်လည် ပြသနေတဲ့ ဒမ်ဘီလီ ဇန်နဝါရီမှာ သူနဲ့အတူ ပြောင်းလာခဲ့တဲ့ တောရက်စ် ထရာအိုရေး တို့နဲ့အတူ ကလပ်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ဆွဲတင်ပေးထားခဲ့ပါတယ်။

ဒါ့အပြင် ဇာဗီဟာ အိုဆာဆူနာနဲ့ ပွဲစဉ်မှာ ဖာရန်းတောရစ်စ် နဲ့ အော်ဘာမီယန်း တို့ရဲ့ ဂိုးတွေကို ဖန်တီးပေးခဲ့တဲ့ အူစမာနီဒမ်ဘီလီ ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ထားခဲ့တာကြောင့် ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ပရိတ်သတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရသူ ဖြစ်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြ ကစားခဲ့တာကြောင့် ဒီနေ့ပွဲစဉ်မှာ ဒါမျိုးကို မမြင်ခဲ့ရပါဘူး။

ဘာစီလိုနာ နည်းပြက “အကယ်၍ ကိုယ့်ဘက်က ကောင်းကောင်း ခြေစွမ်းပြပေးခဲ့မယ်ဆိုရင် ဒါဟာ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးတာ ပါပဲ။ သူဟာ ဘာစီလိုနာ အတွက် အစွမ်းကုန် ပေးဆပ်နေတယ် ဆိုတာ ပရိတ်သတ်တွေ မြင်နေရပါတယ်။ ပရိတ်သတ်တွေကို လှည့်ဖျားလို့ မရပါဘူး။ သူဟာ ဒီနေ့မှာ တအားကောင်းခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲ အနိုင်ရရှိခဲ့ပြီးနောက် လာလီဂါ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဇာဗီရဲ့ အသင်းဟာ လာမည့် ကြာသာပတေးနေ့မှာ ဂါလာတာစာရေးနဲ့ ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ကစားသွားရမှာ ဖြစ်ပြီး အဲဒီနောက် တနင်္ဂနွေနေ့မှာ ရီးရဲယ်မက်ဒရစ် နဲ့ အယ်ကလာစီကို ပွဲကြီးပွဲကောင်းကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

SM