ကာရာဘောင်ဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက် လီဗာပူးစတား အနေနဲ့ အန်ဖီးကနေ ထွက်ခွာရန် စဉ်းစားသင့်တယ်လို့ ဆိုလိုက်တဲ့ ဒေးဗစ်ဂျိမ်း

အင်္ဂလန် ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းက လီဗာပူးရဲ့ ကာရာဘောင်ဖလား ဖိုင်နယ် ဟီးရိုးတစ်ဦး ဖြစ်သူ ကွီမင်းကယ်လီဟာ အနေနဲ့ ပွဲကစားခွင့်တွေ ပိုမို ရရှိဖို့နဲ့ သူ့ရဲ့ ကစားသမား ဘ၀ တိုးတက်စေဖို့ အတွက် အန်ဖီးကနေ ထွက်ခွာဖို့ လိုအပ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိဂ်ဖလားဖိုင်နယ်မှာ ကမ္ဘာ့ချန်ပီယံ ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ ဒရမ်မာဆန်ဆန်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဟာဟာ ၀င်ဘာလေမှာ ချဲလ်ဆီး အသင်းရဲ့ ပင်နယ်တီ ၁၀ လုံးကို မကာကွယ်နိုင်ခဲ့ပေမယ့်လည်း ဂိုးသမား ကီပါရဲ့ ကန်ချက် မလွဲမီ သူကိုယ်တိုင် ပင်နယ်တီကို ၀င်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ကလော့ဟာ ဒီဖိုင်နယ်မှာ ပထမဂိုးသမား အလီဆွန်ကို ကျော်ကာ ကယ်လီဟာကို ပွဲထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီပွဲစဉ်မတိုင်မီ ဒါနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း အိုင်ယာလန် ဂိုးသမားဟာ ပွဲချိန်မိနစ် ၁၂၀ အတွင်းမှာလည်း ကောင်းမွန်တဲ့ ကာကွယ်မှုတွေနဲ့ လီဗာပူးကို ပွဲအတွင်း ဆက်ရှိစေကာ ပင်နယ်တီမှာလည်း ဟီးရိုး ဖြစ်ခဲ့ပြီး နည်းပြရဲ့ ယုံကြည်မှုကို ပြန်လည် ပေးဆပ်နိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကယ်လီဟာဟာ ဒီရာသီ ပြည်တွင်း ပြိုင်ပွဲတွေမှာ ၆ ပွဲ ကစားခွင့် ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ၂ ပွဲသာ ကစားခွင့် ရခဲ့ကာ ဂျိမ်းစ်က ၎င်းအနေနဲ့ အနာဂတ်အတွက် အန်ဖီးကနေ မကြာခင် ထွက်ခွာရန် စဉ်းစားသင့်တယ်လို့ ပြောသွားပါတယ်။

လီဗာပူး ဂိုးသမားဟောင်း ဖြစ်သူ ဂျိမ်းစ်က “ဖိုင်နယ် ပွဲစဉ်က ဂိုးသမား အပြောင်းအလဲဟာ စိတ်၀င်စားစရာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဒါမျိုးတွေကို အတော်လေး မြင်လာရပါတယ်။ အလှည့်ကျ လူထုတ်ပုံ စနစ်တွေကို ပိုမို မြင်လာရပြီး အထူးသဖြင့် မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ဒီအပိုင်းမှာ အခြား အသင်းတွေထက်ကို ပိုလုပ်လေ့ ရှိပါတယ်။

ကယ်လီဟာဟာ လီဗာပူး အတွက် ကောင်းကောင်း ပွဲထွက် ကစားပေးနိုင်တဲ့ ဂိုးသမား တစ်ဦး ဆိုတာ သက်သေပြထားခဲ့ပါတယ်။ ဒါပေမယ့် အလီဆွန်က မကြာသေးမီက အသင်းနဲ့ ငါးနှစ် စာချုပ်သစ် ချုပ်ဆိုထားခဲ့တာကြောင့် ခင်ဗျား အနေနဲ့ လီဗာပူးရဲ့ နံပါတ်၀မ်း ဖြစ်လာဖို့ စီစဉ်ထားသလား ဒါမှမဟုတ် ဒါဟာ ကိုယ့်အတွက် နောက်တဆင့်ကို တက်လှမ်းမယ့် ကြားခံအုတ်မြစ်လား ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးရမှာပါ။

လက်ရှိ အချိန်မှာ သူဟာ ကောင်းမွန်တဲ့ review တွေ ရရှိနေပါတယ်။ ဒါပေမယ့် သူဟာ အခုချိန်မှာ အလီဆွန်ကို ကျော်ပြီး အပတ်တိုင်း ပွဲထွက် ကစားခွင့် ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူး အနေနဲ့ သူနဲ့ ပက်သက်ပြီး ဆုံးဖြတ်သွားရမယ့် အချိန် ရောက်လာမှာ ဖြစ်သလို သူ့ဘက်ကလည်း အခြား ကလပ်တစ်ခုခုမှာ နံပါတ်တစ် ဂိုးသမား အဖြစ် ကစားသွားမလား ဒါမှမဟုတ် ဒီလို ကြီးကြယ်တဲ့ ကလပ်မှာပဲ ဆက်နေပြီး ရှုံးထွက်ဖလား ပွဲစဉ်တွေကို ကစားကာ ဆုဖလားတွေ ယူသွားမလား? ဆိုပြီး စဉ်းစား ဆုံးဖြတ်ရမယ့် အချိန် ရောက်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ကယ်လီဟာရဲ့ နေရာမှာဆို ဘယ်လို ဆုံးဖြတ်သွားမလဲ ဆိုတဲ့ မေးခွန်းကို ဂျိမ်းစ်က “ကျွန်တော်သာ ဆိုရင် ထွက်သွားမှာပါ။ ကျွန်တော့် အနေနဲ့ ပုံမှန် ကစားခွင့် ရချင်တာကြောင့် မတက်နိုင်ပါဘူး။ ဒါပေမယ့် လီဗာပူး ကနေ ထွက်ခွာတယ် ဆိုတာဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ချရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကယ်လီဟာ အတွက် ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM