ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူသွားဖို့ ရှိနေတဲ့ အာဂျင်တီးနား စူပါစတား ၂ ဦး

အာဂျင်တီးနား စူပါစတား ဖြစ်တဲ့ လီယွန်နယ်မက်ဆီက ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင် ကစားသမားဘ၀ ရှေ့ဆက်ဖို့အတွက် သေချာရေရာမှု မရှိဘူးလို့ ၀န်ခံသွားခဲ့ပြီး လာမည့် ဒီဇင်ဘာမှာ ကျင်းပမယ့် ဒီပြိုင်ပွဲအပြီးမှာ သူ့အနေနဲ့ အရာတော်တော်များများကို ပြန်လည် သုံးသပ်သွားမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ပီအက်ဂျီ တိုက်စစ်မှုးဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က အာဂျင်တီးနား အတွက် ပထမဦးဆုံးပွဲကို ကစားခွင့် ရခဲ့ပြီးနောက် နိုင်ငံအတွက် ၁၅၉ ပွဲ ကစားပေးထားခဲ့ကာ အသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ သာသာယာယာ အောင်မြင်နိုင်အောင် ကူညီပေးထားခဲ့ပါတယ်။

အာဂျင်တီးနားဟာ သောကြာနေ့က ဗင်နီဇွဲလားကို ၃-၀ နဲ့ အနိုင်ရခဲ့ကာ မက်ဆီကလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့ အာဂျင်တီးနား တို့ဟာ ပြီးခဲ့တဲ့ နွေရာသီက ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒါဟာ နိုင်ငံအသင်းနဲ့ အတူ ပထမဦးဆုံး အဓိက ဆုဖလား ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီက လာမည့် ကမ္ဘာ့ဖလား အပြီးမှာ သူ့ရဲ့ အခြေအနေတွေ အပြောင်းအလဲတွေ ဖြစ်သွားမယ်လို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

မက်ဆီက “ကမ္ဘာ့ဖလား အပြီးမှာ ကျွန်တော် ဘာလုပ်သွားမလဲဆိုတာ ကျွန်တော် မသိပါဘူး။ လာမည့် ပွဲစဉ်တွေ အတွက်ပဲ ကျွန်တော် စဉ်းစားနေပါတယ်။ ကာတာ ကမ္ဘာ့ဖလား အပြီးမှာ ကျွန်တော် အရာတော်တော်များများကို ပြန်လည် သုံးသပ်သွားပါမယ်။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေခဲ့တာ အတော်ကြာနေပါပြီ။ ဒါဟာ ကိုပါဖလားကို မဆွတ်ခူးခင်ကတည်းကပါ။ ကျွန်တော် အာဂျင်တီးနားကို ရောက်လာတဲ့ အခါတိုင်း သူတို့ ကျွန်တော့်ကို ဒီလို ခံစားမိအောင် လုပ်ပေးခဲ့တဲ့ အတွက် အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာဂျင်တီးနား အတွက် ဆက်ကစားပေးသွားဖို့ ရှိသလားလို့ မေးမြန်းရာမှာ မက်ဆီက “ကျွန်တော်လည်း မသိပါဘူး။ အမှန်တကယ်ကို မသိတာပါ။ အခု လာမည့် အက်ကွေဒေါနဲ့ ပွဲအကြောင်းပဲ စဉ်းစားနေပါတယ်။ ပြီးတော့ ဇွန် နဲ့ စက်တင်ဘာတွေမှာ အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ဖို့အတွက်ပါ။ ဒါတွေ အကောင်းဆုံး ဖြစ်ဖို့ပဲ မျှော်လင့်ထားတာပေါ့ဗျာ။ ဒါပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ အရာတော်တော်များများ အပြောင်းအလဲတွေ ဖြစ်သွားမှာ သေချာပါတယ်။” လို့ ဆိုခဲ့ပါတယ်။

မက်ဆီရဲ့ ပီအက်ဂျီ အသင်းဖော် ဖြစ်သူ အန်ဂယ်ဒီမာရီယာ ကလည်း လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ သူ့အနေနဲ့ နိုင်ငံလက်ရွေးစင် အသင်းကနေ အနားယူသွားဖို့ ရှိနေတယ်လို့ အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။ ဒီမာရီယာဟာ ဗင်နီဇွဲလားကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အရန်ခုံကနေ ထလာကာ အာဂျင်တီးနား အတွက် ၁ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ဗင်နီဇွဲလားကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီမာရီယာက “ကျွန်တော့်ကို များစွာ ချစ်ခင်ပေးခဲ့တဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောသွားချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလိုမျိုး လှပတဲ့ညမျိုးကို တွေ့ကြုံခံစားဖို့ အတွက် အမြဲတမ်း အိမ်မက်မက်နေခဲ့တာပါ။ ဒါဟာ ဒီအကျီနဲ့အတူ အာဂျင်တီးနားမှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ဖြစ်နိုင်ပါတယ်။ ဒါဟာ တကယ့်ကို လှပတဲ့ညတစ်ည ဖြစ်ခဲ့ပါတယ်။

အားလုံးကို အကြိမ်ပေါင်းများစွာ ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဒီပွဲကို အကောင်းဆုံး ကစားခဲ့တဲ့ တစ်သင်းလုံးကို ဂုဏ်ပြုသွားရမယ့် အချိန်ပါ။ ဒါဟာ အားလုံးအတွက် ပြီးပြည့်စုံတဲ့ ပွဲစဉ်ပါပဲ။ ကျွန်တော်တို့ အတူတကွ တိုးတက်ကာ အိမ်မက်တွေမက်သွားမှာပါ။ Let’s go Argentina!!’ လို့ ဆိုခဲ့ပါတယ်။

ဒီမာရီယာဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ပွဲဦးထွက်ကို ကစားခဲ့သူ ဖြစ်ပြီး အာဂျင်တီးနား အတွက် ပွဲပေါင်း ၁၂၁ ပွဲ ကစားပေးထားခဲ့ပါတယ်။

SM