ကလော့နဲ့ အဲလက်စ်ဖာဂူဆန် တို့ကြား တူညီတဲ့ အရည်အသွေးကို ပြောပြလိုက်တဲ့ မက်လော်ရန်ဆင်

မက်လော်ရန်ဆင်က မန်နေဂျာ ယာဂန်ကလော့ရဲ့ ကောင်းမွန်တဲ့ man management ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ လီဗာပူး ကစားသမားတွေ ဆီက ဘယ်တော့မှ ကွန်ပလိန်းတက်တာကို မကြားရဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူး ဂန္တ၀င် နောက်ခံလူဟောင်းက လက်ရှိ လီဗာပူး နည်းပြဟာ သူ့ရဲ့ အရည်အသွေးမြင့် squad ကို ထိန်းကျောင်းတဲ့ နေရာမှာ ပရီးမီးယားလိဂ် ဂန္တ၀င် မန်ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ်ဖာဂူဆန်လိုမျိုး တူညီတဲ့ နည်းဗျူဟာကို အသုံးချ နေတယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူး အသင်းရဲ့ ဒဏ်ရာ ပြသနာ ကင်းရှင်းနေမှုတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ပထမအသင်းရဲ့ ကစားသမားတွေ အနေနဲ့ အသင်းရဲ့ လူစာရင်းမှာ ပါ၀င်ရန် စိန်ခေါ်မှုတွေ ရှိနေခဲ့ပြီး လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ကစားသမား တစ်ချို့ ကတော့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လော်ရန်ဆင်က ကလော့ရဲ့ man management skill တွေဟာ အသင်းရဲ့ အ၀တ်လဲခန်းကို ဟာမိုနီဖြစ်အောင် လုပ်တဲ့ နေရာမှာ အရေးပါလှတယ်လို့ ယုံကြည်နေပြီး အသင်းရဲ့ အရန်ဂိုးသမားကို ကိုင်တွယ်ပုံကို ကြည့်ရင် သိနိုင်တယ်လို့ ပြောလိုက်ပါတယ်။

မက်လော်ရန်ဆင်က “ကလော့က ကယ်လီဟာကို လွန်ခဲ့တဲ့ ၁ လ လောက်က မင်း ဖိုင်နယ်ကို သိပ်မကြာခင်မှာ ကစားရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အကယ်၍ ခင်ဗျား အနေနဲ့ ဒါကို စဉ်းစား ကြည့်လိုက်မယ် ဆိုရင်….မန်ယူနိုက်တက် အသင်း အကြောင်းကို ပြောတော့မယ် ဆိုရင် သူတို့ရဲ့ အ၀တ်လဲခန်း အတွင်းက ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ ပက်သက်ပြီး ကောလဟာလတွေ ထွက်နေပါတယ်။ လီဗာပူး ဆီကနေ ဒါမျိုးကို ခင်ဗျား မကြားရနိုင်ပါဘူး။

ဒါဟာ ဘာလို့လဲဆိုတော့ ကလော့ဟာ ကစားသမားတွေကို လူစာရင်း ကနေ ချန်လှပ်တဲ့ အခါမှာ ‘မင်း မနက်ဖြန်ပွဲကိုတော့ ကစားရမှာ မဟုတ်ဘူး။ ဘရိုက်တန်နဲ့ အဝေးကွင်းမှာ ကစားရမယ့် လာမည့် ၂ ပွဲကျော်မှာတော့ မင်း သေချာပေါက် ကစားခွင့် ရမယ်’ ဆိုပြီး ပြောပါတယ်။ သူဟာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကစားသမားတွေကို တစ်စုံတစ်ခု မျှော်လင့်ခွင့် ရနေအောင် အမြဲတမ်း ပေးလေ့ ရှိပါတယ်။

 

ဖာဂီဟာ မန်ချက်စတာယူနိုက်တက် နည်းပြဘ၀ နှောင်းပိုင်းမှာ ဒီလိုမျိုး လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကလော့ဟာ ဒါမျိုးကို အတိအကျ လုပ်နေပါတယ်။ သူဟာ ထူးချွန်တဲ့ မန်နေဂျာ ဖြစ်ပြီး ထူးချွန်တဲ့ ကိုယ်စားလှယ် လို့လည်း ဆိုနိုင်ပါတယ်။ သူနဲ့ တွေ့တဲ့အခါ ဒါမျိုးကို တွေ့ရမှာပါ။ ဒါဟာ သူ လုပ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကလော့ဟာ ချဲလ်ဆီးကို နိုင်ခဲ့တဲ့ လိဂ်ဖလား ဖိုင်နယ်မှာ ပထမဂိုးသမား အလီဆွန်ကို ကျော်ကာ ဒီပြိုင်ပွဲရဲ့ ပွဲအများစုကို ကစားထားခဲ့တဲ့ အရန် ဂိုးသမား ကယ်လီဟာကို ပွဲထွက်ခွင့် ပေးခဲ့ပြီး ယုံကြည်မှုကို ပြသခဲ့ပါတယ်။ အိုင်ယာလန် ဂိုးသမားဟာ ကလော့ရဲ့ ယုံကြည်မှုကို ကောင်းစွာ ပေးဆပ်ခဲ့ပြီး ပွဲချိန်အတွင်း အကောင်းဆုံး ကာကွယ်မှုတွေ လုပ်ပေးခဲ့တဲ့ အပြင် လီဗာပူးအတွက် အဆုံးအဖြတ် ဖြစ်ခဲ့တဲ့ ၁၁ ကြိမ်မြောက် ပင်နယ်တီကို ကန်သွင်းကာ ဆုဖလား ရရှိစေခဲ့ပါတယ်။

ဆက်လက်ပြီး လော်ရန်ဆင်က “ကယ်လီဟာဟာ အကောင်းဆုံး လုပ်ပြခဲ့ပြီး သူ့ရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ကြည့်လိုက်မယ် ဆိုရင် သူ့ဆီမှာ ဒါမျိုး အရည်အသွေးလည်း ရှိနေတာကို မြင်တွေ့နိုင်ပါတယ်။ ဒီပြိုင်ပွဲကို ပြန်ကြည့်လိုက်ပါ။ သူဟာ ဒီပြိုင်ပွဲမှာ လီဗာပူး အတွက် အထူးချွန်ဆုံး ကစားခဲ့တဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

SM