ကမ္ဘာ့ဖလား Play-off Final ပွဲမတိုင်ခင် ပေါ်တူဂီ – မြောက်မက်ဆီဒိုးနီးယားသားတို့ရဲ့ တိုက်ပွဲခေါ်သံများ

ဒီကနေ့ ညမှာတော့ ကာတာ နိုင်ငံ မှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဥရောပ ဇုန် က နောက်ဆုံး ဝင်ခွင့် ၃ နေရာထဲက ၂ နေရာရဲ့ ဗိုလ်လုပွဲတွေကို ကစားကြတော့မှာပဲ ဖြစ်ပါတယ် ။

အဲ့ဒိ အထဲမှာတော့ ပေါ်တူဂီ နဲ့ မြောက်မက်ဆီဒိုးနီးယား တို့ရဲ့ ပွဲဟာ ပရိသတ်တွေ စိတ်ဝင်စားမှု အရှိဆုံးပွဲ ဖြစ်လာမှာပါ ။

ပေါ်တူဂီ မှာ ခရစ္စတီယာနို ရိုနယ်ဒို ၊ ဒီယေဂို ဂျိုတာ ၊ ဘရူနို ဖာနန်ဒက်စ် ၊ ဘာနာဒို ဆေးလ်ဗား ၊ ဂျာအို ဖိလစ် တို့ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့ စတား ကစားသမားတွေ အများအပြား ပါဝင် နေကြပါတယ် ။

အစောပိုင်း တုန်းက အီတလီ နဲ့ ဗိုလ်လုရဖွယ် ရှိနေတာကြောင့် ပေါ်တူဂီ ပရိသတ်တွေဟာ သူတို့ ချစ်တဲ့ ကစားသမားတွေ ကမ္ဘာ့ဖလား နဲ့ ဝေးမှာကို စိုးရိမ် ပူပင် ခဲ့ကြပါတယ် ။

ဒါပေမယ့် ဆီမီး ဖိုင်နယ် အဆင့်မှာပဲ မြောက်မက်ဆီဒိုးနီးယား က အီတလီ ကို အံ့အားသင့်ဖွယ် အနိုင် ကစား သွားခဲ့တာကြောင့် ပေါ်တူဂီ ရဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက်တွေ ပိုမို အားကောင်း လာခဲ့ ပါတယ် ။

မြောက်မက်ဆီဒိုးနီးယား နောက်ခံလူ အလီယော့စကီး ကတော့ သူတို့ ဟာ ပေါ်တူဂီ စတားတွေ ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ရဲ့ ဘဝတွေကို ဖျက်ဆီးဖို့ စိတ်ကူး မရှိကြောင်း ၊ ကမ္ဘာ့ဖလား ဆိုတဲ့ သူတို့ရဲ့ အိပ်မက် အတွက်သာ တိုက်ပွဲဝင် သွားမှာ ဖြစ်ကြောင်း ပွဲမတိုင်ခင် မှာ ပြောကြားသွားခဲ့ ပါတယ် ။

“အီတလီ လိုမျိုး ဥရောပ ချန်ပီယံ အသင်းကြီး တသင်းကို ကျွန်တော်တို့ ဖြုတ်ချ ခဲ့ပြီး ပါပြီ ။ ဒါပေမယ့် အခုထိ ကမ္ဘာ့ဖလား လက်မှတ် မရသေးပါဘူး ။ ဒါဟာ ကျွန်တော်တို့ ရဲ့ အကြီးဆုံး အိပ်မက်ပါ ။ ဒါကို အမှန်တကယ် ဖြစ်လာဖို့ အရာအားလုံး ပေးဆပ် ရမှာပါပဲ”

“ရိုနယ်ဒို ဟာ တကယ် လေးစားစရာ ကောင်းတဲ့ ဘောလုံးသမား တယောက်ပါ ။ အဆင့်မြင့်တန်းမှာ နှစ်ပေါင်း ၂၀ လောက် အကောင်းဆုံး ပုံစံကို ထိန်းထား နိုင်ခဲ့ ပါတယ် ။

ဒီ ကမ္ဘာ့ဖလား ကို သူ ဝင်နွဲချင်မှာ အသေအချာပါပဲ ။ ကျွန်တော်တို့ ကလည်း သူ့ဘ၀ ၊ သူ့ စိတ်ကူးတွေကို မဖျက်ဆီးချင် ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေကိုတော့ အမှန် ဖြစ်လာအောင် ကြိုးစား သွားမှာပါ” လို့ ပြောဆိုခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကလည်း မြောက်မက်ဆီဒိုးနီးယား အသင်းကို ချီးကျုး စကားဆိုခဲ့ပြီး သူတို့ရဲ့ မျိုးဆက်သစ် ပေါ်တူဂီ အသင်းဟာ ဘယ်လို အသင်းမျိုးကို မဆို အနိုင် ကစားနိုင်နေ ပါပြီလို့ ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ခြေစစ်ပွဲ ကာလ တလျောက်မှာ ပေါ်တူဂီ အတွက် ဂိုးတွေ သွင်းပေးခဲ့ပေမယ့် တူရကီ ကို အနိုင် ရခဲ့တဲ့ ပွဲမှာတော့ ပုံစံကောင်းပျောက်ခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ဒီယေဂို ဂျိုတာ က ပေါ်တူဂီ သူရဲကောင်း ဖြစ်ခဲ့ပြီး တယောက်တည်း ၂ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

“ဒီပွဲဟာ ကျွန်တော်တို့ အတွက်ရော သူတို့ ( မြောက်မက်ဆီဒိုးနီးယား ) အတွက်ပါ ဘ၀ နဲ့ ရင်းရတဲ့ ကစားပွဲ ဖြစ်လာမှာပါ ။ သူတို့ ရဲ့ စုစည်း ညီညွတ်မှု ကို ချီးကျုး ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဟာ အကောင်းဆုံး ပုံစံ မှာ ရှိနေတာပါ ၊ ကမ္ဘာပေါ်က ဘယ် အသင်းကို မဆို ကျွန်တော်တို့ အနိုင် ကစားနိုင်ပါတယ်” လို့ ရိုနယ်ဒို က ပြောဆို သွားခဲ့ ပါတယ် ။

ပေါ်တူဂီ ရဲ့ အားထားရတဲ့ ခံစစ်မှူး တဦး ဖြစ်တဲ့ ပီပီ ဟာ ကိုဗစ်ကြောင့် တူရကီ နဲ့ ပွဲကို လွဲခဲ့ရ ပေမယ့် တနင်္လာနေ့က လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ခဲ့ကာ မြောက်မက်ဆီဒိုးနီးယား နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာတော့ မှာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ပွဲပယ် အပြစ်ဒဏ် ကျခံ ထားရတာကြောင့် တူရကီ နဲ့ ပွဲမှာ မပါခဲ့တဲ့ မန်စီးတီး နောက်ခံလူ ကန်ဆယ်လို ဟာလည်း ပေါ်တူဂီ အတွက် ပါဝင် ကစားပေး နိုင်တော့မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR