ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ဖူးတဲ့ အင်အားကြီး လက်ရွေးစင် ဘောလုံးအသင်းများ

၄ နှစ်မှ တကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ နိုင်ငံ လက်ရွေးစင် အသင်းတွေ ရဲ့ အမြင့်ဆုံး အောင်ပွဲကြီးပါပဲ ။

နိုင်ငံတိုင်းလိုလို ကမ္ဘာ့ဖလား မှာ ပါဝင်နိုင်ဖို့ ကြိုးစားကြပြီး အင်အားကြီး အသင်းတွေ ကတော့ ဗိုလ်စွဲတဲ့ အထိ အောင်မြင်နိုင်ဖို့ မျှော်မှန်း တတ်ကြပါတယ် ။

ဒါပေမယ့် ဒီလို အသင်းကြီးတွေ တောင်မှ ကမ္ဘာ့ဖလား နဲ့ လွဲချော်ရတဲ့ အဖြစ်မျိုးတွေ မကြာခဏ ဖြစ်ခဲ့ဖူး ပါတယ် ။

ပူပူနွေးနွေး မှာဆိုရင်တော့ အီတလီ လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား လွဲချော်မှုဟာ ဘောလုံး ပရိသတ်တိုင်း သိထားတဲ့ အကြောင်းအရာ အဖြစ် ရှိနေပါတယ် ။

အီတလီ ဟာ ခြေစစ်ပွဲ အုပ်စု အဆင့်မှာ ဆွစ်ဇာလန် ကို မကျော်နိုင်ဘဲ အုပ်စု ဒုတိယသာ ရခဲ့တာကြောင့် Play-off ကို ဆီမီးဖိုင်နယ် အဆင့်ကနေ ကစားခဲ့ရပြီး မြောက်မက်ဆီ ဒိုးနီးယား ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ကာ Play-off ဖိုင်နယ်ပင် မတက်လိုက်ရဘဲ ကမ္ဘာ့ဖလားနဲ့ ဝေးကွာ သွားခဲ့ရပါတယ် ။

ဒါဟာ ယူရို ၂၀၂၀ ချန်ပီယံ အီတလီ အတွက် ကြီးစွာသော အရှက်ရစရာ ဖြစ်ခဲ့သလို ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ၂ ကြိမ် ဆက်တိုက် လွဲချော်တာလည်း ဖြစ်စေခဲ့ ပါတယ် ။

အီတလီ ဟာ ၂၀၁၈ ကမ္ဘာ့ဖလား တုန်းကလည်း ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် ပြင်သစ် နဲ့ ယူရဂွိုင်း တို့ နောက်ပိုင်း ကမ္ဘာ့ဖလား ကို ၂ ကြိမ် ဆက်တိုက် လွဲချော်တဲ့ ထိပ်သီး အသင်း ဖြစ်လာခဲ့ ပါတယ် ။

မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ဆိုတဲ့ မြန်မာ စကားပုံလိုပဲ ခြေစစ်ပွဲ မှာ မကျရှုံးဖူးတဲ့ အသင်း မရှိသလောက်လို့ ဆိုရမှာပါ ။

ကျင်းပပြီးစီးခဲ့သမျှ ကမ္ဘာ့ဖလား တိုင်းကို ခြေစစ်ပွဲအောင်မြင်တဲ့ တသင်းတည်းသော အသင်းက ဘရာဇီး ဖြစ်ပြီး သူတို့ ခြေစစ်ပွဲ ဝင်ကစားတဲ့ နှစ်မှန်သမျှ မှာ အမြင့်ဆုံး ပြိုင်ပွဲကြီးဆီ အရောက်လှမ်း နိုင်ခဲ့ ပါတယ် ။

ဘရာဇီးပြီးရင်တော့ ဂျာမနီ ဟာ ကမ္ဘာ့ဖလားကို ၁၉ ကြိမ် ( ဘရာဇီး က ၂၁ ကြိမ် ) နဲ့ အများဆုံး ပါဝင် ယှဉ်ပြိုင်ခွင့် ရယူနိုင်ခဲ့ပြီး အီတလီ ( ၁၈ ကြိမ် ) ၊ အာဂျင်တီးနား ( ၁၇ ကြိမ် ) နဲ့ မက္ကဆီကို ( ၁၆ ကြိမ် ) တို့က အများဆုံး ယှဉ်ပြိုင် နိုင်တဲ့ လက်ရွေးစင် အသင်းတွေ အဖြစ် ရပ်တည် နေကြပါတယ် ။

ဘောလုံးသမိုင်း မှာတော့ အီတလီ လိုမျိုး အင်အားကြီး အသင်းတသင်း ကမ္ဘာ့ဖလား ဝင်ခွင့် မရတာဟာ အရမ်း ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ခဲ့ ပါဘူး ။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကလည်း အီတလီ ၊ နယ်သာလန် ၊ ၂၀၁၇ အာဖရိကဖလား ချန်ပီယံ ကင်မရွန်း ၊ ၂ ကြိမ်ဆက် ကိုပါ ချန်ပီယံ ချီလီ တို့ ခြေစစ်ပွဲ မအောင်ခဲ့ကြသလို ၂၀၁၇ ကွန်ကာကပ်ဖ် ရွှေဖလား ချန်ပီယံ အမေရိကန် အသင်းလည်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ ပါဘူး ။

၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေ ကတော့ အသင်းကြီးတွေ အစုံအလင် ပါဝင်တဲ့ ပြိုင်ပွဲတွေ ဖြစ်ခဲ့ကြပါတယ် ။

အဲ့ဒိ အရှေ့ ကို သွားကြည့်လိုက်မယ် ဆိုရင်တော့ ၂၀၀၄ ယူရို ချန်ပီယံ ဂရိစ် ၊ ၂၀၀၆ အာဖရိက နိုင်ငံများဖလား ချန်ပီယံ အီဂျစ် ၊ တောင်အမေရိက က ယူရဂွိုင်း တို့ဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား နဲ့ ဝေးခဲ့ကြပါတယ် ။

အာရှတိုက်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ဖြစ်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလား မှာ ဆိုရင်လည်း စူပါစတားတွေ အပြုံကြီး ပါဝင်တဲ့ နယ်သာလန် ဟာ ပေါ်တူဂီ ၊ အိုင်ယာလန် တို့ကို အုပ်စုတွင်းမှာ မကျော်နိုင်ခဲ့တာကြောင့် အိပ်မက်တွေ နဲ့ ဝေးကွာခဲ့ရ ပါတယ် ။

နာမည်ကြီး အင်္ဂလန် ကိုယ်တိုင်လည်း ၁၉၉၄ နဲ့ ၁၉၇၄ ခုနှစ် တွေမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့ ပါဘူး ။ ပေါ်တူဂီ ၊ အာဂျင်တီးနား ၊ စပိန် တို့လည်း အတိတ် မှာ ကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ လွဲချော်တာတွေ ရှိခဲ့ ဖူးကြပါတယ် ။

လက်ရှိ အချိန်ထိတော့ အီတလီ ဟာ လာမယ့် နိုဝင်ဘာ ကနေ ဒီဇင်ဘာ အတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနဲ့ လွဲချော် ခဲ့တဲ့ တသင်းတည်းသော အင်အားကြီး အသင်းအဖြစ် ရှိနေပါတယ် ။

ခြေစစ်ပွဲ Play-off တွေ မပြီးသေးတာကြောင့် ပေါ်တူဂီ ၊ အမေရိကန် ၊ အီဂျစ် ၊ ဆီနီဂေါ ၊ သြစတြေးလျ တို့လို အသင်းတွေ ကမ္ဘာ့ဖလား နဲ့ ဝေးမယ့် အလားအလာတွေ ရှိနေပါသေးတယ် ။

ကာတာကို သွားမယ့် World Cup Express ကတော့ လက်မှတ် ၁၉ စောင် ( အိမ်ရှင် အပါအဝင် ) ရခဲ့ပြီးပါပြီ ။ ကျန်တဲ့ ထိုင်ခုံတွေ မှာ ဘယ်သူတွေ ဝင်ထိုင်နိုင်မလဲ ၊ ဘယ်သူတွေ ကျန်ရစ်ခဲ့မလဲဆိုတာ ကတော့ . . .

 

SPORTS MYANMAR