ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်သေးပဲနဲ့ ၊ ပနားမားနဲ့ ပွဲအပြီး ‘ qualified ‘ စာသားပါရှိတဲ့ အလံ ကိုင်ဆောင်ကာ မတော်တဆ အောင်ပွဲခံခဲ့မိတဲ့ အမေရိကန်

ယနေ့ မနက် က ကစားခဲ့တဲ့ ကွန်ကာကပ်ဖ်ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တပွဲမှာ အမေရိကန် လက်ရွေးစင် အသင်း ဟာ ပနားမား လက်ရွေးစင် အသင်းကို ၅ – ၁ နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ကာ ၊ ခြေစစ်ပွဲ အောင်မြင်ဖို့ လက်တကမ်း အလိုကို ရောက်ရှိလာပြီ ဖြစ်ပါတယ် ။

အော်လန်ဒိုမြို့မှာ ကစားခဲ့တဲ့ ဒီနိုင်ပွဲမှာ အမေရိကန် အတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ဖြစ်တဲ့ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် က ဟက်ထရစ် ၊ အခြား တောင်ပံ ကစားသမား တဦး ဖြစ်တဲ့ ပေါလ်အာရီယိုလာ ၊ လူငယ် တိုက်စစ်မှူး ဂျေဆုစ် ဖာရဲရား တို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ် ။

ဒီ နိုင်ပွဲကြောင့် အမေရိကန် ဟာ ခြေစစ်ပွဲ အောင်မြင်သွားတဲ့ ကနေဒါရဲ့ အနောက် ၃မှတ် အကွာ မက္ကဆီကို အသင်းနဲ့ ရမှတ်တူ နေပေမယ့် ၊ ဂိုးကွာခြားချက် မြင့်မားနေလို့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ် ။ တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ အလွန် နီးစပ်နေပေမယ့် ၊ အတည်ပြု ဖြစ်ဖို့ အမေရိကန်တို့ အနေနဲ့ လာမယ့် ကြာသပတေးနေ့ ပွဲအထိ ထပ်မံ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ် ။

အဆင့် ၄ နေရာက ကော်စတာရီကာ အသင်းနဲ့ အမေရိကန် အကြား ရမှတ် ၃မှတ် ကွာခြားမှု ရှိနေပေမယ့် ၊ သင်္ချာနည်း အရ သမိုင်းဝင် ဂိုးပြတ် ရှုံးပွဲသာ ကြုံခဲ့ရင် အမေရိကန်တို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်ဦးမှာ မဟုတ်ပါဘူး ။ ဒီအတွက်ကြောင့် ထိုပွဲမှာ ၄င်းတို့ အနေနဲ့ တိုက်ရိုက် ဝင်ခွင့် တနေရာ ရဖို့ အနိမ့်ဆုံး သရေတမှတ် ယူရမှာ ဖြစ်ပါတယ် ။

သို့ပေမယ့် အမေရိကန် လက်ရွေးစင် အသင်းသားတွေဟာ ပနားမားကို ဂိုးပြတ်နိုင်ခဲ့အပြီး ၊ တဖက်က အယ်လ်ဆာဗေးဒိုး – ကော်စတာရီကာ ပွဲအဖြေကို မကြည့်ပဲ ၊ ‘ qualified ‘ စာသား ပါရှိတဲ့ အလံနဲ့ အတူ ကွင်းတွင်းမှာ အောင်ပွဲခံခဲ့မိပါတယ် ။

အခြေအနေကို ချက်ချင်း ဂရုပြုမိအပြီးမှာတော့ အမေရိကန်တို့ ယင်းအလံကို အချိန်မှီ ဖြုတ်ချနိုင်ခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် လက်ရွေးစင် နည်းပြ ဂရဂ် ဘာဟော်လ်တာ က ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြန်လည် ဖြေရှင်းခဲ့ပါတယ် ။

ဘာဟော်လ်တာ က ” ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလား ဝင်ခွင့် တနေရာ ပန်းတိုင်ကို ရောက်ဖို့ ကြီးမားတဲ့ ခြေတလှမ်း လှမ်းနိုင်ခဲ့ပါတယ် ။ အလံက စာသားလို ခြေစစ်ပွဲ အောင်သွားတာ မဟုတ်သေးပါဘူး ဆိုတာ ကျွန်တော်တို့ သိပါတယ် ။ နောက်ဆုံး လက်ကျန် အဆုံးအဖြတ် တပွဲ ကစားရပါဦးမယ် ။ ”

” ကော်စတာရီကာ အသင်းနဲ့ ပွဲကြပ်တပွဲ ကျွန်တော်တို့ နောက်ဆုံး ရင်ဆိုင်ရဦးမှာပါ ။ ဒီတော့ ကျွန်တော်တို့ရဲ့ အလုပ် က အနားယူ ၊ ပြန်လည် လန်းဆန်းအောင်လုပ် ၊ အုပ်စု နောက်ဆုံးပွဲ အမှီ ကြံ့ခိုင်မှု ပြည့်အောင် ပြင်ဆင် ၊ ပြီးတာနဲ့ အရင်က ကျွန်တော်တို့ တခါမှ မနိုင်ခဲ့ဖူးတဲ့ ဆန်ဟိုဆေးကို သွားပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို ပုံမှန်အတိုင်း ပြီးအောင် လုပ်ဖို့ ဖြစ်ပါတယ် ။ ”

” ဟိုဖက်က ပွဲရလဒ် က ဘာအဖြေထွက်ခဲ့လဲ ဆိုတာ အသင်းသားတွေ မသိခဲ့ပါဘူး ။ အဲဒီ အလံ က သူတို့လက်ထဲကို ဒီအတိုင်း ရောက်လာခဲ့တာပါ ။ တိုက်ရိုက် ခြေစစ်ပွဲ မအောင်သေးဘူး ဆိုတာ သိသိလိုက်ချင်း ၊ ဒါကို ဖြုတ်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာ အလုပ် ကျန်သေးတယ်ဆိုတာကို သိလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR