ကမ္ဘာ့ဖလားအတွက် နောက်ဆုံး လက်မှတ်ရောင်းပွဲ ( သို့ ) မတ်လ နိုင်ငံတကာ ရက်သတ္တပတ်ရဲ့ အဆုံးအဖြတ်ပွဲစဉ်များ

ပုံမှန် အားဖြင့်တော့ နိုင်ငံတကာ ရက်သတ္တပတ်တွေဟာ ကလပ် အသင်း ပြိုင်ပွဲတွေကို စိတ်ဝင်စားမှု ပိုတဲ့ ဘောလုံး ဝါသနာရှင်တွေ အတွက် ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေမှာပါ ။

ဒါပေမယ့် အခုလာမယ့် မတ်လ ၂၂ ရက်ကနေ ၃၁ ရက် အတွင်း ကစားကြမယ့် နိုင်ငံတကာ ရက်သတ္တပတ် ကတော့ ပရိသတ်တွေ ကို ဆွဲဆောင်မှု များစွာ ဖြစ်စေမှာ အသေအချာပါပဲ ။

ဘာကြောင့်လည်း ဆိုတော့ ဒီ ရက်သတ္တပတ်မှာ လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ဝင်ရောက်ခွင့် ရမယ့် အသင်းတွေ ထပ်မံ ပေါ်ထွက် လာဦးမှာ ဖြစ်လို့ပါပဲ ။

ဒီတပတ်ထဲမှာ ဥရောပ ၊ အာရှ ၊ တောင် နဲ့ မြောက်အမေရိက ၊ အာဖရိက စတဲ့ တိုက်ကြီးတိုင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်တွေကို ကစားသွားကြမှာ ဖြစ်ပြီး အဲ့ဒိ အထဲမှာ တကယ် အရေးပါပြီး အကျိတ်အနယ် ရှိမယ့် ပွဲကောင်းတွေ ပါဝင်လို့ နေပါတယ် ။

စတား ကစားသမားတွေ စုံလင်နေတဲ့ ပေါ်တူဂီ နဲ့ အီတလီ တို့ ကမ္ဘာ့ဖလား ဝင်ခွင့် တနေရာ အတွက် အားပြိုင်ရတော့မှာ ၊ မာနေး နဲ့ ဆာလာ တို့ ပြန်ဆုံတွေ့ နေတဲ့ Play-off ပွဲစဉ်တွေ ၊ ကိုယ့် ကြမ္မာကိုယ် ဖန်တီးခွင့် ရမယ့် ဂျပန် နဲ့ သြစတြေးလျ တု့ိရဲ့ ပွဲတွေဟာ ဒီနိုင်ငံ တကာ ရက်သတ္တပတ်ကို စောင့်ကြည့်ဖို့ ထိုက်တန် နေစေပါတယ် ။

 

ဒီတပတ် မှာ ဘယ်အသင်းတွေ ကစားမယ် ၊ သူတို့ အခြေအနေတွေက ဘယ်လို ရှိနေတယ် ဆိုတာကို တိုက်ကြီးတွေ အလိုက် လေ့လာကြည့်လိုက် ကြရအောင်ဗျာ . . . ။

၁ ။ ဥရောပ

ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် နောက်ဆုံး လက်ကျန် ၃ နေရာကို အသင်း ၁၂ သင်းက ယှဉ်လုကြရမှာပါ ။

ဆီမီးဖိုင်နယ် နဲ့ ဗိုလ်လုပွဲပုံစံ လမ်းကြောင်း ၃ ခု အတွက် မဲခွဲထားပြီး ဗိုလ်စွဲတဲ့ ၃ သင်းကတော့ ကာတာ ကို သွားခွင့်ရမှာပဲ ဖြစ်ပါတယ် ။

လာမယ့် မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့တွေမှာ ဆီမီးဖိုင်နယ် ပွဲတွေကို ကစားကြမှာ ဖြစ်ပြီး တကျော့တည်းနဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ် ။

ရုရှ အသင်းကို ထုတ်ပယ်လိုက်တာကြောင့် သူနဲ့ ကစားရမယ့် ပိုလန် ဟာ ဗိုလ်လုပွဲအဆင့်ကို တိုက်ရိုက် တက်ရောက်သွားခဲ့ပါပြီ ။ ရုရှ ရဲ့ ကျူးကျော်မှုကို ခံထားရတဲ့ ယူကရိန်း ရဲ့ စကော့တလန် နဲ့ ကစားမယ့် ပွဲကိုတော့ ရွှေ့ဆိုင်း ထားပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ပေါ်တူဂီ ကတော့ တူရကီ အသင်းနဲ့ ကစားရမှာပါ ။ အဲ့ဒိ ပွဲက အနိုင်ရမယ့် အသင်းဟာ အီတလီ နဲ့ မြောက်မက်ဆီဒိုးနီးယား တို့ရဲ့ ပွဲစဉ်က အနိုင်ရလာမယ့် အသင်းနဲ့ ကာတာ လက်မှတ် တစောင်အတွက် ယှဉ်ပြိုင် ဗိုလ်လုကြရမှာပါ ။

ဘယ်သူတွေ နောက်တဆင့်တက်မယ်ဆိုတာ မသိနိုင်သေးပေမယ့် စတားတွေ အမြောက်အများ ကျန်ရစ်မှာတော့ အသေအချာပါပဲ ။

ဝေးလ် အသင်းက သြစတြီးယား နဲ့ ကစားရမှာပါ ။ နိုင်တဲ့ အသင်းက စကော့တလန် – ယူကရိန်း ပွဲက အနိုင်ရသူ နဲ့ ရင်ဆိုင်ရပါမယ် ။ ဆွီဒင် နဲ့ ချက် တို့ပွဲက အနိုင်ရမယ့် အသင်းကတော့ ဗိုလ်လုပွဲ တက်ထားပြီး ဖြစ်တဲ့ ပိုလန် နဲ့ ရင်ဆိုင် ကစားရမှာပါ ။

ဗိုလ်လုပွဲ အဆင့်တွေကိုတော့ ( ယူကရိန်း လမ်းကြောင်းမှ အပ ) မတ်လ ၃၀ ရက်နေ့မှာ ကစားသွားကြမှာပဲ ဖြစ်ပါတယ် ။

၂ ။ အာဖရိက

တိုက်ရိုက် ခြေစစ်ပွဲအောင် လက်မှတ် ၅ စောင်အတွက် နောက်ဆုံး အဆင့်ကို ရောက်ရှိလို့ လာခဲ့ပါပြီ ။

အုပ်စုအဆင့်ကနေ အသင်း ၁၀ သင်း ပေါ်ထွက်လာခဲ့ပြီး ၂ သင်းစီ အိမ်ကွင်း အဝေးကွင်း ပုံစံနဲ့ ကစားဖို့ မဲခွဲ ကြချိန် မှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ပွဲစဉ် တပွဲ ပါဝင်လာခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ မိုဟာမက် ဆာလာ ရဲ့ အီဂျစ် နဲ့ ဆာဒီယို မာနေး ရဲ့ ဆီနီဂေါ အသင်းတို့ ထိပ်တိုက် တွေ့ဆုံ ခဲ့ကြတာပါ ။

သူတို့ ၂ သင်းဟာ မကြာသေးတဲ့ အာဖရိက ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်မှာ ဆုံထားကြပြီး မာနေး ရဲ့ ဆီနီဂေါ က အနိုင်ရ ဗိုလ်စွဲ ထားခဲ့ ပါတယ် ။ ဒီတခေါက် မှာရော မာနေး တို့ အီဂျစ် ကို နောက်တကြိမ် အနိုင်ကစားပြီး ၂ ခါ အသည်းခံ နိုင်မလား ၊ အီဂျစ် ကပဲ လက်စားချေသွား နိုင်မလား ဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါပဲ ။

ဒီတပတ် ကစားကြမယ့် အာဖရိက ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေကတော့ –

ဒီအာ ကွန်ဂို – မော်ရိုကို

မာလီ – တူနီရှား

ကင်မရွန်း – အယ်လ်ဂှီးရီးယား

ဂါနာ – နိုင်ဂျီးရီးယား

အီဂျစ် – ဆီနီဂေါ တို့ပဲ ဖြစ်ကြပါတယ် ။

ပထမအကျော့ ပွဲစဉ်တွေကို မတ်လ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ကစားကြမှာ ဖြစ်ပြီး ဒုတိယ အကျော့ ပွဲတွေ ကိုတော့ မတ်လ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ ကစားသွားကြမှာပဲ ဖြစ်ပါတယ် ။

၃ ။ တောင်အမေရိက

တောင်အမေရိကဇုန် ခြေစစ်ပွဲရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲ ကိုတော့ မတ်လ ၂၅ ကနေ ၃၀ အတွင်းမှာ ကစား သွားကြမှာပါ ။

ကမ္ဘာ့ဖလား ဝင်ခွင့် ၄ နေရာခွဲ ရထားတဲ့ တောင်အမေရိကဇုန် မှာ လက်ရှိအချိန်အထိ ဘရာဇီး နဲ့ အာဂျင်တီးနား တို့ နောက်တဆင့် တက်ထားနိုင်ကြပါပြီ ။

လက်ကျန် ၂ နေရာခွဲ ( အဆင့် ၃ ၊ ၄ ၅ ) အတွက်ကတော့ အသင်း ၅ သင်းက အကျိတ်အနယ် ကစားပြီး နေရာ လုကြရမှာပါ ။

အဆင့် ၃ နေရာက အီကွေဒေါ အနေနဲ့ ပွဲစဉ် ၁၇ မှာ ပါရာဂွိုင်း ကို အနိုင်ကစား နိုင်ခဲ့မယ် ဆိုရင် နောက်ဆုံးပွဲစဉ် ကို စောင့်စရာ မလိုဘဲ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင် မှာပါ ။

ကျန်တဲ့ အသင်းတွေ ကတော့ ပွဲစဉ် ၂ ပွဲစလုံးမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ဖို့ အစွမ်းကုန် ကြိုးစား ကြရမှာ အသေအချာပါပဲ ။

၄ ။ မြောက်အမေရိက

ခြေစစ်ပွဲ နောက်ဆုံး အဆင့် ပြီးဖို့ ၃ ပွဲလိုနေ သေးတာကြောင့် မြောက်အမေရိက နိုင်ငံတွေဟာ ဒီတပတ် ထဲမှာ ပွဲစဉ် ၃ ပွဲ ကို ဆက်တိုက် ကစား ကြရမှာပါ ။

လက်ရှိအချိန်ထိ ဘယ်အသင်းမှာ ခြေစစ်ပွဲ မအောင်ကြသေးတာက မြောက်အမေရိက ပရိသတ်တွေ ရဲ့ ရင်ခုန်သံ ကို အမြင့်ဆုံး အနေအထားမှာ ရှိနေစေပါတယ် ။

ကနေဒါ က ၂၅ မှတ်နဲ့ ပထမ ၊ အမေရိကန် က ၂၁ မှတ် နဲ့ ဒုတိယ ၊ မက္ကဆီကို ကလည်း ၂၁ မှတ် နဲ့ တတိယ ရယူထားကြပြီး ပနားမား အသင်းကတော့ ၁၇ မှတ် နဲ့ စတုတ္ထ နေရာမှာ ရှိနေပါတယ် ။

အမေရိကန် အသင်းကတော့ ခြေစစ်ပွဲ အောင်ဖို့ မျှော်လင့်ချက် ရှိသေးတဲ့ အသင်း ၃ သင်း နဲ့ နောက်ဆုံး ၃ ပွဲ မှာ ကစားရမှာ ဖြစ်လို့ ပွဲအကြပ်ဆုံးလို့ ဆိုနိုင်ပါတယ် ။

အဆင့် ၁ ကနေ ၃ အထိ အသင်းတွေ တိုက်ရိုက် ခြေစစ်ပွဲ အောင်ကြမှာ ဖြစ်ပြီး အဆင့် ၄ အသင်းကတော့ အင်တာကွန်တီနင်တယ် Play-off ကို ဆက်လက် ကစားသွားရမှာပါ ။

၅ ။ အာရှ

ကမ္ဘာ့ဖလား ကို အာရှ တိုက်ကနေ ၄ နေရာခွဲ ဝင်ခွင့် ရထားပါတယ် ။ လက်ရှိ ကစားနေတဲ့ နောက်ဆုံးအဆင့် အုပ်စု ၂ ခု ရဲ့ အုပ်စု ပထမ နဲ့ ဒုတိယ ၄ သင်းဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်ကြမှာ ဖြစ်ပြီး အဆင့် ၃ ရတဲ့ ၂ သင်း ကတော့ တကျော့ကန် ဖိုင်နယ် ကစားကြရဦးမှာ ဖြစ်ပြီး အနိုင်ရတဲ့ အသင်းဟာ အင်တာ ကွန်တီနင်တယ် Play-off ကို ဝင်ကစားခွင့် ရမှာ ဖြစ်ပါတယ် ။

အုပ်စု A ကတော့ အီရန် နဲ့ တောင်ကိုရီးယား တို့ရဲ့ သာလွန်လှတဲ့ ခြေစွမ်းဟာ ပြိုင်ဘက်တွေကို လိုက်မမီ အောင် ဖြစ်စေခဲ့ပြီး အခု ရက်သတ္တပတ် မတိုင်ခင် ကတည်းက ခြေစစ်ပွဲ အောင်မြင် ထားခဲ့ကြပြီ ဖြစ်ပါတယ် ။

ဒါကြောင့် အုပ်စု တတိယ နေရာအတွက် ယူအေအီး ၊ လက်ဘနွန် နဲ့ အီရတ် တို့ နောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ အမှားမခံဘဲ ယှဉ်ပြိုင် နေရာလုကြရဖို့ပဲ ရှိပါတော့တယ် ။

အုပ်စု B ကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

အဆင့် ၁ နေရာမှာ ၁၉ မှတ် နဲ့ ရှိနေတဲ့ ဆော်ဒီ ၊ အဆင့် ၂ နေရာမှာ ၁၈ မှတ် နဲ့ ရှိနေတဲ့ ဂျပန် ၊ အဆင့် ၃ နေရာမှာ ၁၅ မှတ် နဲ့ ရှိနေတဲ့ သြစတြေးလျ တို့ဟာ နောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ ထိပ်တိုက်တွေ့ ဆုံတွေ့ နေကြပြီး ကိုယ့် ကံကြမ္မာကို ကိုယ်တိုင်ပဲ အဆုံးအဖြတ် ခံယူ ကြရတော့မှာပါ ။

အဆိုပါ အသင်းတွေကလွဲရင် ကျန် အသင်းတွေ ရဲ့ ဇာတ်လမ်းက စောစော စီးစီး အဆုံးသတ် ထားခဲ့ပါပြီ ။

ဒီ ၃ သင်းထဲကပဲ ဘယ်သူတွေ တိုက်ရိုက် ခြေစစ်ပွဲအောင်ပြီး ဘယ်သူက ကွန်တီနင်တယ် Play-off အတွက် ဆက်လက်စွန့်စားရမယ် ဆိုတာ အဖြေထွက်လာမှာပါ ။

အဆင့် ၃ နေရာက သြစတြေးလျ က လက်ကျန် ၂ ပွဲမှာ ဂျပန် နဲ့ ဆော်ဒီ ၂ သင်းစလုံးနဲ့ ကစားရမှာ ဖြစ်ပြီး အဆင့် ၂ နေရာက ဂျပန် ကတော့ သြစတြေးလျ ၊ ဗိယက်နမ် တို့နဲ့ ကစားရမှာပါ ။ အဆင့် ၁ က ဆော်ဒီ ကတော့ တရုတ် နဲ့ အရင် ကစားရမှာ ဖြစ်ပြီး အနိုင် ကစားနိုင်ခဲ့မယ် ဆိုရင် ၂၂ မှတ် ရမှာ ဖြစ်လို့ သြစတြေးလျ နဲ့ ကစားမယ့် နောက်ဆုံးပွဲစဉ် မတိုင်ခင်မှာပဲ ခြေစစ်ပွဲအောင်ခွင့်ကို အရယူကာ ဖိအားတွေ ကင်းစင်စေဖို့ အခွင့်အရေးကို ပိုင်ဆိုင် နေပါတယ် ။

မတ်လ ၃၁ ရက်ပြီးသွားရင်တော့ ကလပ် အသင်း ပြိုင်ပွဲတွေ ပြန်လည် စတင်ကြတော့မှာပါ ။ အဲ့ဒိ အချိန်မှာ ဘယ်သူတွေ ကာတာ လက်မှတ်ကို ပိုင်ဆိုင် နိုင်ကြမလဲ ၊ ဘယ်စတားတွေ အတွက် ကျွန်တော်တို့ ဝမ်းနည်း ကြရမလဲ ဆိုတာ ကို ရှင်းရှင်းလင်းလင်း သိခွင့် ရတော့မှာပဲ ဖြစ်ပါတယ် . . . ။

 

SPORTS MYANMAR