ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း ၃ သင်းနဲ့ ဖျက်မြင်းဖြစ်လာနိုင်တဲ့ အသင်းကို ရွေးချယ်ပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ ဒေးဗစ်ဘက်ခမ်းက အင်္ဂလန် အသင်း အနေနဲ့ ယခုနှစ် ကာတာမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အတွက် ထိပ်တန်း နိုင်ငံအသင်းကြီး ၃ သင်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဘက်ခမ်းဟာ သူ့ရဲ့ တောက်ပတဲ့ ကစားသမား ဘ၀မှာ ကမ္ဘာ့ဖလားကို ၃ ကြိမ် ကစားခွင့် ရခဲ့သူ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ပြိုင်ပွဲရဲ့ သံတမန် တစ်ဦး အဖြစ် လုပ်ကိုင်နေပါတယ်။ လာမည့် သောကြာနေ့မှာတော့ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား အတွက် အုပ်စု မဲခွဲပွဲကို ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါ မဲခွဲမှု မတိုင်မီ ဘက်ခမ်းကို အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အ်ိမ်မက်ကို ဘယ်အသင်းတွေ ခြိမ်းခြောက်နိုင်မလဲ ဆိုပြီး မေးမြန်းခဲ့ပါတယ်။

ဘက်ခမ်းက “ကမ္ဘာ့ဖလား ပြိုင်ပွဲ အကြောင်းကို ပြောပြီ ဆိုတာနဲ့ အားလုံးဟာ ဘရာဇီး အာဂျင်တီးနား နဲ့ ပြင်သစ် တို့ အကြောင်းကို အော်တို ပြောကြတော့တာပါပဲ။

သူတို့ဟာ ကြီးကြယ်တဲ့ နိုင်ငံတွေ ဖြစ်ပြီး ပြိုင်ပွဲကြီးတွေမှာ ဆုဖလားတွေ အများကြီး ရထားခဲ့ကြပါတယ်။ ကျွန်တော့်ကို နောက်ထပ် စိတ်လှုပ်ရှားစေတဲ့ အသင်း ကတော့ ဒိန်းမတ်ပဲ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူတို့ဟာ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်တဲ့ အသင်းလို့ ထင်ပါတယ်။

ဒိန်းမတ်မှာ ကစားသမားကောင်းတွေ ရှိနေပြီး သူတို့ဟာ အဓိက ပြိုင်ပွဲကြီးတွေကို အမြဲတမ်း ကောင်းကောင်း လုပ်ပြနိုင်လေ့ ရှိပါတယ်။ အိမ်ရှင် ကာတာ အသင်းရဲ့ ခြေစွမ်းကိုလည်း ကျွန်တော် ကြည့်ချင်နေပါပြီ။ သူတို့ဟာ ငယ်ရွယ်တဲ့ အသင်း ဖြစ်ပြီး ကာလရှည် အတူ တွဲဖက် ကစားလာခဲ့တာပါ။ သူတို့ဟာ တစ်ဦး အကြောင်း တစ်ဦး ကောင်းကောင်း သိထားပြီး ပြိုင်ပွဲရဲ့ atmosphere ကြောင့် သူတို့ အားတက်နေကြမှာပါ။” လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အခွင့်အရေးနဲ့ ပက်သက်ပြီး ဘက်ခမ်းက “အင်္ဂလန် အတွက် ကျွန်တော့်ရဲ့ မျှော်လင့်ထားမှုတွေဟာ အမြဲတမ်း မြင့်မားလေ့ရှိပါတယ်။ ကျွန်တော်တို့ ပရိတ်သတ်တွေကလည်း ရည်မှန်းချက် မြင့်မားကြပါတယ်။ ဂါရက်ဟာ အကောင်းဆုံး လုပ်ပြထားခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော်တို့မှာ နှစ်အနည်းငယ်လောက် အတူတူ အလုပ်လုပ်ထားခဲ့တဲ့ အသင်း ရှိနေပါတယ်။

ကျွန်တော်တို့ဟာ အတွေ့အကြုံ နုနယ်တဲ့ အသင်းမဟုတ်တော့ပါဘူး။ ကစားသမား တော်တော်များများက ငယ်ရွယ်ကြသေးပေမယ့် သူတို့မှာ ဟယ်ရီကိန်း ဟန်ဒါဆန် တို့လို အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ကျွန်တော်တို့ အတွက် တကယ့် အခွင့်အရေးလို့ ခံစားမိနေပါတယ်။ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲကို ပုံစံကောင်းနဲ့ ရောက်လာမှာပါ။ ကျွန်တော်တို့ ဒါကို ထပ်မံ မြှင့်တင်သွားဖို့ပဲ လိုအပ်တာပါ။” လို့ ပြောလိုက်ပါတယ်။

SM