ကမ္ဘာ့ဖလားနဲ့ မိုဆာလား လွဲချော်ခဲ့မှုကို မှတ်ချက်ပေးလိုက်ကာ မာနေးကို သတိပေးသွားခဲ့တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်က မိုဟာမက်ဆာလား အနေနဲ့ အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့မှုကို တွန်းအား အဖြစ် အသုံးချကာ ဒီရာသီမှာ လီဗာပူးကို ဆုဖလားတွေ ထပ်မံ ဆွတ်ခူးနိုင်အောင် လုပ်သွားနိုင်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။ အီဂျစ် အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီနီဂေါကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ကာ ဒီနှစ်မှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဆာလားဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီး ၎င်းရဲ့ လီဗာပူး အသင်းဖော် ဆာဒီယိုမာနေး ကတော့ အနိုင်ဂိုးကို သွင်းယူကာ ဆီနီဂေါကို ကမ္ဘာ့ဖလား ၀င်ခွင့် တစ်နေရာစာ ရယူပေးခဲ့ပါတယ်။ အီဂျစ်အသင်းရဲ့ ရှုံးနိမ့်မှု အပြီးမှာ ဗန်ဒိုက်က ဆာလား အနေနဲ့ လီဗာပူး အသင်းနဲ့ အတူ ဆုဖလားတွေ အတွက် တိုက်ပွဲ၀င်စရာ ရှိနေသေးတယ်လို့ ပြောလိုက်ပြီး ကမ္ဘာ့ဖလားမှာ သူ့ရဲ့ နယ်သာလန် အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နိုင်တဲ့ ဆီနီဂေါ အသင်းရဲ့ စတား မာနေး ကိုလည်း သတိပေးမှု လုပ်သွားခဲ့ပါတယ်။

ဗန်ဒိုက်က “အီဂျစ်တို့ ပင်နယ်တီ အဆုံးအဖြတ်မှာ ဆီနီဂေါကို ရှုံးနိမ့်ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ပါတယ်။ ကျွန်တော် မို နဲ့ အီဂျစ်တို့အတွက် ၀မ်းနည်းမိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘောလုံး ဆိုတာ တစ်ခါတစ်ရံ ဒီလိုမျိုး ဖြစ်တက်ပါတယ်။ သေချာတာကတော့ ဆာလားဟာ ယခုလို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရမှုကို လက်ကျန် ဘောလုံးရာသီမှာ လီဗာပူးနဲ့ အသင်းနဲ့ အောင်မြင်မှုတွေ ရယူကာ ပြန်ပြောင်းပစ်နိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ၀င်ရောက် ကစားနေတဲ့ ပြိုင်ပွဲ အားလုံးမှာ ဖလား ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်တာကြောင့် သူ့အနေနဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ဆာဒီယို အတွက်လည်း ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ အကယ်၍ သူ့ရဲ့ အသင်းသာ ကျွန်တော်တို့ အုပ်စုမှာ ကျရောက်နေခဲ့မယ် ဆိုရင် သူ့အနေနဲ့ ဒီလို ကံကောင်းမှုမျိုး လိုအပ် ပါလိမ့်မယ်။” လို့ ပြောသွားခဲ့ ပါတယ်။

ဆာလားဟာ အဆိုပါ ပွဲစဉ်အတွင်းမှာသာမကဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းယူရာမှာလည်း ဆီနီဂေါ ပရိတ်သတ်တွေရဲ့ လေဆာ pen တွေနဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရပါတယ်။

အီဂျစ်တို့ ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဆာလားကို ကွင်းလုံခြုံရေး ၂ ဦးက ခြံရံကာ ကွင်းထဲကနေ ထွက်ခွာလို့ ရအောင် လုပ်ပေးခဲ့ပါတယ်။

 

ဆီနီဂေါ အသင်း ကတော့ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဆီနီဂေါဟာ အုပ်စု အဆင့်ကနေ မကျော်ဖြတ်နိုင်ခဲ့ဘဲ ကိုလံဘီယာ နဲ့ ဂျပန် တို့က ရှုံးထွက်အဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။

SM