PSG နဲ့ ရီးရဲမက်ဒရစ် တို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်က စိတ်ဝင်စားစရာ အချက်များ

ချန်ပီယံလိဂ် ညတွေ ပြန်ရောက်လာမှုနဲ့ အတူ ရင်ခုန် စိတ်လှုပ်ရှားစရာတွေ ပြန်လည် ရောက်ရှိ လာခဲ့ ပါတယ် ။

ပြင်သစ်မြေပေါ်မှာ ကစားခဲ့တဲ့ PSG နဲ့ ရီးရဲ မက်ဒရစ် တို့ရဲ့ ၁၆ သင်းဆင့် ပထမပွဲစဉ် ဟာ ပရိသတ်တွေ ကို ဆွဲဆောင်မှု အပြည့် ရှိခဲ့ပြီး အဆုံးသတ် မှာတော့ အိမ်ရှင် တို့ အောင်ပွဲ ခံခဲ့ပါတယ် ။

 

မိနစ် ၉၀ ကို ကျော်လွန်ပြီး ၃ မိနစ် နဲ့ ၁၄ စက္ကန့် မှ တလုံးတည်းသော အနိုင်ဂိုးကို ရခဲ့တာ ဆိုပေမယ့် PSG ဟာ ဒီပွဲကို နိုင်ဖို့ ထိုက်တန်တယ် ဆိုတာကို ပွဲတွင်း အချက်အလက်တွေက ပြသခဲ့ ပါတယ် ။

ဒီနေ့ ပွဲမှာ ရီးရဲ ဂိုးသမား ကော့တွိုက် သာ လက်စွမ်းမပြ ခဲ့ဘူး ဆိုရင် စပိန် ထိပ်သီး အတွက် ဒုတိယ အကျော့ မျှော်လင့်ချက်တွေ နည်းပါး သွားမှာပါ ။ အခုတော့ အဝေးဂိုး စည်းမျဉ်းမပါတဲ့ ၁-၀ ရှုံးပွဲ ဟာ ရီးရဲ အတွက် ခံသာတဲ့ ရလဒ် တခုလို့ ပြောရမှာပါပဲ ။

ဒီပွဲရဲ့ စိတ်ဝင်စား စရာကောင်းတဲ့ အချက်တွေကတော့ –

၁ ။ ရီးရဲ ဆို မရှုံးဘူးသေးတဲ့ ပိုချက်တီနို

ပိုချက်တီနို ဟာ PSG အတွက် ထိုက်တန်တဲ့ နည်းပြ မဟုတ်ဘူး ၊ စတားတွေ ကို ထိန်းချုပ် ကိုင်တွယ်နိုင်မှု အားနည်းတယ် ဆိုပြီး ဝေဖန်မှုတွေ ရှိကြပါတယ် ။

ဒါပေမယ့် ပိုချက်တီနို ရဲ့ ထူးခြားတဲ့ မှတ်တမ်း တခု ကတော့ ရီးရဲ မက်ဒရစ် ကို လုံး၀ မရှုံး ဖူးတာပါပဲ ။

တော့တင်ဟမ် ဟော့စပါး နည်းပြ ဘဝမှာ ပိုချက်တီနို ရီးရဲ ကို ၂ ကြိမ် ရင်ဆိုင် ဖူးပြီး ၁ ပွဲသရေ ၊ ၁ ပွဲ နိုင်ထားခဲ့ ပါတယ် ။ အခု အကြိမ် ကတော့ ၃ ကြိမ်မြောက် ရင်ဆိုင် ရတာ ဖြစ်ပြီး နိုင်ပွဲ နဲ့ ပိတ်သိမ်း နိုင်ခဲ့ ပြန်ပါတယ် ။

၄ ကြိမ်မြောက် မှာရော ဒီမှတ်တမ်းကောင်းကို ပိုချက်တီနို ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

၂ ။ ပင်နယ်တီ မှတ်တမ်းဆိုး ရသွားတဲ့ မက်ဆီ

ရိုနယ်ဒို မရှိတော့ ကတည်းက ရီးရဲ ဘက်ကို မက်ဆီ ဂိုးလည်း မသွင်း ၊ ဂိုးလည်း မဖန်တီးနိုင်တော့ပါဘူး ။

အခုပွဲမှာလည်း PSG အတွက် အကောင်းဆုံး အခွင့်အရေး တခုကို မက်ဆီ မရယူ နိုင်ခဲ့ ပါဘူး ။ ပွဲချိန် အတွင်း ရခဲ့တဲ့ ပင်နယ်တီ ကို မက်ဆီ အကောင်းဆုံး ကန်သွင်းခဲ့ပေမယ့် ကော့တွိုက် က ဆုံးဖြတ်ချက် မှန်မှန် နဲ့ ကာကွယ် သွားခဲ့ ပါတယ် ။

ဒါဟာ မက်ဆီ အတွက် ချန်ပီယံလိဂ် မှာ ပဉ္စမမြောက် ပင်နယ်တီ လွဲချော်မှု ဖြစ်ပြီး သီယာရီ အွန်နရီ နဲ့ အတူ အများဆုံး လွဲချော်သူ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ ပါတယ် ။

အချက်အလက် ကျွမ်းကျင်သူတွေ ကတော့ ဒီပင်နယ်တီ မဝင်မှုမှာ မက်ဆီ ရဲ့ အားနည်းချက်လည်း ပါခဲ့တယ် လို့ သုံးသပ်ကြပါတယ် ။ ကလပ် နဲ့ နိုင်ငံ အသင်းတွေ အတွက် မက်ဆီ ရဲ့ နောက်ဆုံး ပင်နယ်တီ ကန်ချက် ၅ ခုကို ပြန်လေ့လာ ကြည့်တဲ့ အခါမှာတော့ အလယ်ကို တကြိမ် ၊ ဂိုးသမားရဲ့ ဘယ်ဘက်ကို ၄ ကြိမ် အထိ ကန်သွင်းထားခဲ့တာ ကို တွေ့ခဲ့ရ ပါတယ် ။

ကော့တွိုက် ကိုယ်တိုင် ကလည်း မက်ဆီ ရဲ့ ပင်နယ်တီတွေ ကို လေ့လာဖူးကြောင်း နဲ့ ဒီတကြိမ်မှာ သူ့ရဲ့ ဘယ်ဘက်ကို ကန်မယ်လို့ ယုံကြည်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

အဆုံးသတ် ရရင်တော့ ဒီပင်နယ်တီ လွဲချော်မှုမှာ ကန်ချက် ကောင်းပေမယ့် အိမ်စာမလုပ်တဲ့ မက်ဆီ ရဲ့ အမှား က ၅၀% ပါခဲ့ပြီး အိမ်စာ လုပ်ထားတဲ့ ကော့တွိုက် ရဲ့ စွမ်းဆောင်ရည်က ၅၀% ပါခဲ့တယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ် ။

မက်ဆီ ကတော့ သူ့အပေါ် ကျလာမယ့် ဝေဖန်ရေးမုန်တိုင်းတွေကို ရှင်းထုတ်ပစ်ခဲ့တဲ့ ဘာပေ ကို ကျေးဇူးတင် ရမှာပါပဲ ။

၃ ။ ကမ္ဘာ့အဆင့် လက်စွမ်းပြပြီး ပင်နယ်တီပါ ကာကွယ်ခဲ့တဲ့ ကော့တွိုက်

ရီးရဲ မက်ဒရစ် တိုက်စစ်ဟာ ဒီပွဲမှာ PSG ဂိုးပေါက်ကို တကြိမ်မှ တည့်အောင် မကန်နိုင်ခဲ့တဲ့ အထိ ပုံစံပျက်ခဲ့ ပါတယ် ။ ဒါပေမယ့် ခံစစ်က ဂိုးသမား ကော့တွိုက် ကတော့ ပွဲရဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုရအောင် လက်စွမ်းတွေ ပြသခဲ့တာပါ ။

ကော့တွိုက် ဟာ ဒီပွဲမှာ တဦးချင်း ရင်ဆိုင်တွေ့မှုတွေ အပါအဝင် ၇ ကြိမ် အထိ ကာကွယ်တားဆီးမှု ပြုလုပ် နိုင်ခဲ့ ပါတယ် ။

အဲ့ဒိ အထဲမှာ လီယွန်နယ် မက်ဆီ ရဲ့ ပင်နယ်တီလည်း ပါဝင်ခဲ့တာပါ ။

ဒုတိယအကျော့ မှာလည်း ကော့တွိုက် ရဲ့ လက်စွမ်းတွေ က ရီးရဲ ကို ဘယ်လောက်ထိ ကူညီပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ ။

၄ ။ ၁-၀ ထက် ပိုတဲ့ ထိုးနှက်ချက်ကို ရခဲ့တဲ့ ရီးရဲ

အဝေးဂိုး စည်းမျဉ်း ကို ဒီရာသီက စပြီး ပယ်ဖျက်လိုက်တာ က ရီးရဲ အတွက် ဒုတိယ အကျော့ အပေါ် အများကြီး ဖိအားဝင်စရာ မရှိနိုင်တော့ ပါဘူး ။ ဒါပေမယ့် ကက်စမဲရိုး နဲ့ ဖာလန်း မန်ဒီ တို့ မပါ နိုင်တော့ တာကတော့ အသင်းကို ထိုးနှက် စေနိုင်ပါတယ် ။

အဝါကတ်တွေ ကိုယ်စီ ထိခဲ့ ကြတဲ့ ဘရာဇီးကွင်းလယ်လူ နဲ့ ပြင်သစ် နောက်ခံလူ တို့ဟာ ဘာနေဗျူးမှာ ကစားမယ့် ဒုတိယ အကျော့ကို လွဲချော် ကြတော့မှာပါ ။

ဒီနေရာကို မာဆယ်လို ၊ ကာမာဗင်ဂါ ( သို့ ) ဗယ်ဗာဒီ တို့နဲ့ အားဖြည့် ကစားရတော့မှာပါ ။

မနေ့ ညကပွဲဟာ ချန်ပီယံလိဂ်မှာ ရီးရဲ ရဲ့ Iconic Midfield Trio ကို နောက်ဆုံး မြင်တွေ့ရတဲ့ ပွဲဖြစ်သွားမလား ဆိုတာ ကတော့ . . . .

၅ ။ PSG မင်းသား အမ်ဘာပေ

နေမာ ၊ ဒီမာရီယာ ၊ ဗာရက်တီ တို့ ရှိနေပြီး နွေရာသီမှာ မက်ဆီ ၊ ဒွန်နာရမ်မာ ၊ ဟာခီမီ ၊ ရာမိုစ့် တို့လို စူပါစတားတွေ ကို ထပ်ခေါ် ထားပေမယ့် အမ်ဘာပေ ကတော့ PSG ရဲ့ အဓိက ကစားသမား အဖြစ် ဆက်ရှိ နေဆဲပါပဲ ။

မနေ့ ညက ပွဲမှာလည်း တကိုယ်တော် အစွမ်း နဲ့ တိုးဝင် ကန်သွင်းပြီး အိမ်ရှင် အသင်းကို ဒုတိယ အကျော့ အတွက် အသာရစေခဲ့ သလို ပွဲချိန် တလျောက် မှာလည်း ရီးရဲ ခံစစ် နဲ့ ဂိုးသမား တို့ကို အလုပ် အများဆုံး ပေးနိုင်ခဲ့ ပါတယ် ။

နွေရာသီမှာသာ ရီးရဲမက်ဒရစ် ကို ပြောင်းသွားခဲ့ရင်တော့ PSG တို့ ဥရောပ ပြိုင်ဘက်ကို ကိုယ့်အသားကို ဖဲ့ကျွေးလိုက်သလို ဖြစ်သွားမှာ အမှန်ပါပဲ ။

 

SPORTS MYANMAR