EFL ဖလားဖိုင်နယ် နဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်တွေကို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အို၀င်

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြင် ဒီရာသီရဲ့ ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ကို ၀င်ဘာလေမှာ ယှဉ်ပြိုင်သွားရမှာပါ။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ လိဂ်ဖလား ဖိုင်နယ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ တို့ကို ခန့်မှန်းပေးသွားခဲ့ပါတယ်။

၁~လိဒ် vs တော့တင်ဟမ်
လိဒ်အတွက်ကတော့ ခက်ခဲတဲ့ ရက်သတ္တပတ်တွေ ပါပဲ။ ကြားရက်က လီဗာပူးကို ၆-၀ နဲ့ ရှုံးနိမ့်ခဲ့ခြင်းကတော့ သူတို့အတွက် အဆိုးဆုံး အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ အခုဆိုရင် သူတို့အပေါ်မှာ ဖိအားတွေ တကယ့်ကိုကျရောက်နေပါပြီ။ အထူးသဖြင့် နောက်တန်းမှာ ရုန်းကန်နေရမှုတွေကြောင့်ပါ။ ကြားရက် ဘန်လေကို ရှုံးနိမ့်ခဲ့ခြင်းကြောင့်လည်း စပါးမှာ ဖိအားတွေ များနေပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲထိ ရှုံးထားခဲ့ခြင်းဟာ အံ့အားသင့်စရာ ဖြစ်ပါတယ်။

ကွန်တီဟာ စပါးမှ မပျော်မရွှင် ဖြစ်နေပါတယ်။ မန်စီးတီးနဲ့ပွဲက ရလဒ်က ထူးဆန်းတဲ့ ရလဒ်ဖြစ်နေသလိုပါပဲ။ ဒီပွဲဟာ နှစ်သင်းစလုံးရဲ့ လက်ကျန်ရာသီအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ လိဒ်ဟာ အခြေအနေ ဆိုးရွားနေပေမယ့်လည်း သူတို့ရဲ့ ဆန္ဒ နဲ့ mood ကတော့ ကောင်းနေဆဲလို့ ကျွန်တော် ထင်ပါတယ်။ စပါးကတော့ ဒီအတိုင်း မဖြစ်နိုင်ပါဘူး။ ကျွန်တော် ကတော့ ဒီပွဲမှာ လိဒ်ကိုပဲ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် – လိဒ် ၂-၁ စပါး

၂~မန်ယူနိုက်တက် vs ၀က်ဖို့ဒ်
ယူနိုက်တက်ဟာ ဒီအချိန်မှာ ကစားပုံကောင်းနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ရလဒ်ကောင်းတွေ ရနေပါတယ်။ သူတို့ဟာ မက်ဒရစ်မှာ ကောင်းကောင်း မကစားနိုင်ခဲ့ပေမယ့် သရေနဲ့ ပြန်လာနိုင်ခြင်းဟာ အရမ်းကောင်းတဲ့ ရလဒ်ပါ။ ဒီပွဲပြီးရင် သူတို့ဟာ ခက်ခဲတဲ့ ပွဲတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ သူတို့ရဲ့ ကစားပုံကို မြှင့်တင်သွားဖို့ လိုအပ်ပါတယ်။ ၀က်ဖို့ဒ်ဟာ ရမှတ်တိုင်းအတွက် တိုက်ပွဲ၀င်နေပြီး ရာသီကုန်ထိ သူတို့ရဲ့ ပွဲစဉ်ဇယားဟာ ခက်ခဲနေပါတယ်။

ပဲလေ့စ်ကို ဂိုးပြတ်ရှုံးခဲ့ခြင်းကတော့ စိတ်ပျက်စရာ ဖြစ်ပြီး အဲဒီပွဲမှာသာ ရမှတ်တွေ ရခဲ့မယ် ဆိုရင် ယုံကြည်မှုတွေ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒါဟာ မန်ယူနိုက်တက် အတွက် သက်တောင့်သက်သာ နိုင်ပွဲ ဖြစ်သင့်ပါတယ်။ ၀က်ဖို့ဒ်ဟာ ရုန်းကန်နေရပြီး ကျွန်တော် ကတော့ သူတို့ ယူနိုက်တက်ကို ခြိမ်းခြောက်နိုင်မယ်လို့ မမြင်မိပါဘူး။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၀ ၀က်ဖို့ဒ်

၃~အဲဗာတန် vs မန်စီးတီး
ပြီးခဲ့တဲ့အပတ်က အဲဗာတန်ရဲ့ ကစားပုံဟာ စိုးရိမ်စရာပါ။ သူတို့ဟာ ဆောက်သမ်တန်ကို လုံး၀ မခြိမ်းခြောက်နိုင်ခဲ့ဘဲ သူတို့ရဲ့ အဝေးကွင်းရလဒ်တွေဟာ အံ့အားသင့်စရာပါ။ သူတို့ဟာ လိဂ်ပြိုင်ပွဲရဲ့ အဆိုးဆုံး အဝေးကွင်း ရလဒ်ကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပြီး ဒါကို အမြန်ဆုံး ပြောင်းလဲဖို့ လိုပါတယ်။ လမ်းပတ်အတွက် ကြီးမားတဲ့ ရက်သတ္တပတ်တွေ ဖြစ်လာတော့မှာပါ။ စပါးကို အံ့ဖွယ်ရှုံးနိမ့်ခဲ့ခြင်းဟာ မန်စီးတီးအတွက် သတိပေးချက်ပါပဲ။ သူတို့ဟာ အဲဒီပွဲမှာ ဆိုးရွားစွာ မကစားခဲ့ပေမယ့်လည်း နောက်တန်းမှာ လုပ်လေ့မရှိတဲ့ အမှားတွေ ကျူးလွန်ခဲ့ပါတယ်။

လီဗာပူးဟာ သူတို့ရဲ့ နောက်ကို ကပ်လိုက်လာပြီ ဖြစ်တာကြောင့် စီးတီးအနေနဲ့ နောက်ထပ် ခြေချော်တာတွေ လုပ်လို့ မရပါဘူး။ ဒီပွဲမှာ စီးတီးတို့ပဲ နိုင်သွားမယ်လို့ ကျွန်တော် မြင်မိပါတယ်။ အဲဗာတန်ဟာ ရုန်းကန်နေရပြီး စီးတီး အနေနဲ့ ဂိုးအနည်းငယ်နဲ့ ဂွတ်ဒီဆင်မှာ နိုင်သွားမှာပါ။

ခန့်မှန်းချက် – အဲဗာတန် ၁-၃ မန်စီးတီး

EFL ဖလား ဖိုင်နယ်
ချဲလ်ဆီး Vs လီဗာပူး
ဒီပွဲဟာ မှန်းရခက်ပါတယ်။ ချဲလ်ဆီးဟာ နိုင်ပွဲတွေ ရနေပေမယ့်လည်း သူတို့ရဲ့ ကစားပုံက အကောင်းကြီး မဟုတ်ပါဘူး။ လူကာကူနဲ့ပက်သက်ပြီး ပြသနာတွေ ရှိနေကာ တူချယ်အနေနဲ့ ဒီပွဲအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် ချသွားရမှာပါ။ ခံစစ်ပိုင်းမှာတော့ သူတို့ဟာ ထိပ်တန်းအဆင့် ရှိနေဆဲ ဖြစ်ပြီး ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံရနေဖို့ လိုအပ်ပါတယ်။

လီဗာပူးဟာ ဒီရာသီရဲ့ အကောင်းဆုံး ပုံစံကို ရနေပါတယ်။ squad ကလည်း တအားကို တောင့်တင်းလျက် ရှိနေပြီး ကလော့အနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာပါ။ ကာလရှည် ပြိုင်ဘက်မရှိခဲ့တဲ့ front three ဟာ ဂျိုတာ နဲ့ လူး၀စ်ဒီယက် တို့ရဲ့ ပုံစံကောင်းတွေကြောင့် နေရာရဖို့ အာမခံချက် မရှိတော့ပါဘူး။

၀င်ဘာလေမှာ ဖလားကိုင်မြှောက်ခြင်းဟာ ကလော့ရဲ့ သမိုင်းမှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခုပါ။ သူတို့ဟာ ဒီပွဲအတွက် အားခဲနေမှာပါ။ ကျွန်တော် ကတော့ ဒီပွဲဟာ အကြိတ်အနယ် ဖြစ်ကာ ရလဒ်ပြတ်သားမှာ မဟုတ်တဲ့ပွဲလို့ ထင်ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ကပ်ပြီး နိုင်သွားပါလိမ့်မယ်။ ဒီပွဲမှာ ဆာလား ဂိုးသွင်းနို်င်ခဲ့မယ် ဆိုရင်လည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

ခန့်မှန်းချက် – ချဲလ်ဆီး ၁-၂ လီဗာပူး

အခြား ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ခန့်မှန်းချက်
ဘရန့်ဖို့ဒ် ၂-၁ နယူးကာဆယ်
ဘရိုက်တန် ၁-၁ အက်စတွန်ဗီလာ
ခရစ်စတယ်ပဲလေ့စ် ၂-၁ ဘန်လေ
၀က်ဟမ်း ၁-၁ ဝုဖ်

SM