Clean Sheet စံချိန်သစ်နဲ့ အတူ ချန်ပီယံလိဂ်မှာ ခြင်္သေ့ပြာတို့ ဆက်လက် ပန်းပန်ဆဲ ဖြစ်တဲ့ ချဲလ်ဆီး ၂ – ၀ လိုင်လီ ပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ၊ ပထမ အကျော့ပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ပြင်သစ် ချန်ပီယံ လိုင်လီ အသင်းကို ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ၊ အမေရိကန် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ ကွာတားဖိုင်နယ်သို့ ခြေတဖက် လှမ်းထားနိုင်လိုက်ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ ချန်ပီယံလိဂ် အိမ်ကွင်း ၅ပွဲဆက် Clean Sheet နဲ့ အနိုင်ရတဲ့ စံချိန်သစ်

ချဲလ်ဆီး ဟာ ချန်ပီယံလိဂ် က အခြား အင်အားကြီး ကလပ်တွေလို ဂိုးတွေ အများကြီး မသွင်းတတ်ပေမယ့် ၊ ခံစစ်အားဖြင့် ကျစ်လျစ်မှု ရှိတတ်ပါတယ် ။ ဒါကို ၄င်းတို့ရဲ့ အိမ်ကွင်း နောက်ဆုံး ၅ပွဲဆက် နိုင်ပွဲ ရရှိခဲ့တဲ့ အထဲမှာ ပေးဂိုး လုံးဝ မရှိခဲ့ခြင်း က သက်သေထူနေပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် knock-out stage က ပွဲတွေမှာ ပေးဂိုး ၂ဂိုးသာ ရှိခဲ့တဲ့ ချဲလ်ဆီး ဟာ မနေ့ည က ပွဲမှာလည်း ခံစစ် ကျစ်လျစ်မှုကို ဆက်လက် ပြသသွားခဲ့ပြီး ၊ တိုက်စစ်ပိုင်း က အဆုံးသတ် အနည်းငယ် ပိုသေချာရင် ၄င်းတို့ဟာ ချန်ပီယံလိဂ် သရဖူကို ဆက်လက် ကာကွယ်နိုင်သေးတဲ့ အသင်း ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။

၂ ။ Big game player ကိုင်ဟာဗက်ဇ်

မနေ့ည က ပွဲမှာ ၈မိနစ် ကတည်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ ကိုင်ဟာဗက်ဇ် ဟာ Big game player တဦး အဖြစ် ဆက်လက် သက်သေပြနိုင်ခဲ့ပါတယ် ။ ဒီမတိုင်ခင်ကလည်း ဟာဗက်ဇ် ဟာ ကမ္ဘာ့ကလပ်ဖလား ဖိုင်နယ် ၊ တော့တင်ဟမ်နဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါသေးတယ် ။

ဒါ့အပြင် ဟာဗက်ဇ် ဟာ မနေ့ည က ပွဲမှာ ဝေဖန်ခံနေရတဲ့ လူကာကူရဲ့ နေရာကို အစားဝင်ကာ ၊ False 9 ပုံစံ အထောင် တိုက်စစ်မှူး အဖြစ် ကစားခဲ့ရပြီး ၊ ပဲလေ့စ်နဲ့ ပွဲမှာ တပွဲလုံး ထိချက် ၇ချက်သာ ရှိခဲ့တဲ့ လူကာကူရဲ့ မှတ်တမ်းဆိုးကို ၈မိနစ် အတွင်း ထိချက် ၈ချက် ၊ သွင်းဂိုး တဂိုးနဲ့ အတူ ကျော်ဖြတ်ပြခဲ့ပါတယ် ။

၃ ။ နှစ်ချို့ဝိုင် သီယာဂို ဆေးလ်ဗား

အသက် ၃၇ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ၊ ခြေစွမ်း လုံးဝ မပျက်စီး မကျဆင်းသွားတဲ့ ကစားသမား အနည်းအကျဉ်းထဲက တဦးကို ညွှန်ပြပါဆိုရင် သီယာဂို ဆေးလ်ဗား ကို လက်ညှိုးထိုးရမှာ ဖြစ်ပါတယ် ။ မနေ့ည က ပွဲမှာ ၄င်းရဲ့ defensive masterclass စွမ်းဆောင်ရည်ကို ထပ်မံ မြင်တွေ့ခဲ့ရပြန်ပါတယ် ။

အထူးသဖြင့် ၁ – ၀ ဖြစ်အပြီး နဲ့ ၂ – ၀ မဖြစ်ခင် ကြားပွဲချိန်တွေမှာ သီယာဂို ဆေးလ်ဗား ဟာ လိုင်လီရဲ့ ဖြတ်တင်ဘော ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အများစုကို တဦးတည်း ဒိုင်ခံ ပိတ်ဆို့ တားဆီးမှုတွေ လုပ်သွားခဲ့ပါတယ် ။

၄ ။ UCL King ကန်တေ

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ်ရဲ့ knock-out stage တွေမှာ Man of the Match ဆု ၄ကြိမ် အထိ ရရှိခဲ့တဲ့ ကန်တေ ဟာ မနေ့ည က ပွဲမှာလည်း အံ့သြဖွယ် စွမ်းဆောင်ရည် ထပ်မံ ပြသခဲ့ကာ ၊ ချန်ပီယံလိဂ် က ချီးမြှင့်တဲ့ Man of the Match ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပြန်ပါတယ် ။

တပွဲလုံး နေရာစုံ မနားတမ်း ပြေးလွှား ကစားခဲ့သလို ၊ မှန်ကန်တဲ့ ဘောလုံး လုယူမှု ၊ လျှောထိုး ဖြတ်ထုတ်မှုတွေ လုပ်နိုင်ခဲ့တဲ့ အပြင် ၊ ကန်တေ ဟာ ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့တဲ့ ခရစ်တီယန် ပူလီဆစ်ရဲ့ ဒုတိယ ဦးဆောင်ဂိုး အတွက် ဖန်တီးမှု ပေးနိုင်ခဲ့ပါတယ် ။

၅ ။ အခြေအနေချင်း ကွာဟခဲ့ပေမယ့် ချဲလ်ဆီးကို ရှိန်မနေခဲ့တဲ့ လိုင်လီ

အမည်ခံကသာ လက်ရှိ ပြင်သစ် ချန်ပီယံ ဖြစ်နေပေမယ့် လိုင်လီ အသင်း ဟာ လီဂူးဝမ်းမှာ အဆင့် ၁၁ နေရာမှာသာ ရပ်တည်ထားနိုင်တဲ့ အထိ အခြေအနေ ဆိုးရွားနေပါတယ် ။ အထူးသဖြင့် နည်းပြ အပြောင်းအလဲ ဖြစ်သွားခြင်း က ၄င်းတို့ကို ဒီလို အနေအထား အထိ ရောက်ရှိသွားစေတယ်လို့ အများက ယူဆနေကြပါတယ် ။

မနေ့ည က ပွဲဟာ ၄င်းတို့ရဲ့ ဒီရာသီ အရေးကြီးဆုံး ပွဲအနည်းငယ်ထဲက တပွဲ ဖြစ်ခဲ့တာကြောင့် ၊ အတောင့်တင်းဆုံး ပွဲထွက်စာရင်းနဲ့ အတူ ဘောလုံး ပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ လက်ရှိ ချန်ပီယံကို ခံကန်နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှု ၊ ဘောလုံး ပိုင်ဆိုင်မှု ၊ ဘောလုံး ပေးပို့မှု စတဲ့ ကဏ္ဍရပ်တွေမှာ ချဲလ်ဆီးနဲ့ မတိမ်းမယိမ်း ဖြစ်ခဲ့ပေမယ့် ၊ တကယ်တမ်း အဖြေပေးသွားခဲ့တာ က Final Third Zone က အရည်အချင်း ကွာခြားချက် ဖြစ်ခဲ့ပါတယ် ။

SPORTS MYANMAR