Atletico VS Man UTD လား ၊ Atletico VS Ronaldo လား . . .

မန်ချက်စတာ ယူနိုက်တက် နဲ့ အက်သလက်တီကို မက်ဒရစ် တို့ အကြားမှာ ကြီးမားတဲ့ ယှဉ်ပြိုင်မှု သမိုင်းကြောင်းတွေ မရှိခဲ့ ပါဘူး ။

 

ယူနိုက်တက် အနေနဲ့တော့ အက်သလက်တီကို မက်ဒရစ် ဟာ ဥရောပ ထိပ်သီး ကလပ်တွေထဲမှာ သူတို့နဲ့ ဆုံရမှု အနည်းဆုံး အသင်းတသင်း အဖြစ် ရှိနေပါတယ် ။

 

သူတို့ ၂ သင်း နောက်ဆုံး ဆုံခဲ့ကြတာက ၁၉၉၂ တုန်းက ဖြစ်ပြီး ချန်ပီယံလိဂ် မှာတောင် မဟုတ်ခဲ့ကြပါဘူး ။

 

ဒါကြောင့် နှစ်ပေါင်း ၃၀ ကြာမှ ပြန်လည် ဆုံတွေ့မှု အတွက် ဒီ ၂ သင်းမှာ ဘာမှ ပြောစရာ အကြောင်း ရှိလောက်မှာ မဟုတ်ပါဘူး ။

 

ဒါပေမယ့် အက်သလက်တီကို မက်ဒရစ် နဲ့ ခရစ္စတီယာနို ရိုနယ်ဒိုတို့ အကြားမှာတော့ ဇာတ်လမ်းတွေ ရှိပါတယ် ။ တကယ်ကို ကြီးမားတဲ့ ဇာတ်လမ်းတွေပါ ။

 

ရိုနယ်ဒို ဟာ သူ့ရဲ့ ကစားသမား ဘ၀ တလျောက်မှာ အက်သလက်တီကို မက်ဒရစ် ဘက်ကို ဂိုးတွေ အများကြီး သွင်းခဲ့ ဖူးပါတယ် ။

 

အေတီကို ရဲ့ အိပ်မက်တွေ ကိုလည်း ခဏခဏ ရိုက်ချိုး ဖျက်ဆီးခဲ့ဖူး ပါတယ် ။

 

 

 

ပြောရရင်တော့ ရိုနယ်ဒို ဟာ အက်သလက်တီကို မက်ဒရစ် ရဲ့ နံပါတ် ၁ ရန်သူ ပါပဲ ။

အေတီကို ရဲ့ မြို့ခံ ပြိုင်ဘက် ရီးရဲမက်ဒရစ် ကို ရောက်လာပြီးကတည်းက ရိုနယ်ဒို ဟာ ပြည်တွင်းပွဲမှာရော ဥရောပ ပွဲတွေမှာပါ ဒီယေဂို ဆီးမြွန်းနီ ရဲ့ အသင်းကို ဂိုးတွေ တဒိုင်းဒိုင်း သွင်းခဲ့ ပါတယ် ။

 

အီတလီ စီးရီးအေ ကို ပြောင်းသွားတဲ့ အချိန်မှာတောင်မှ တိုက်တိုက် ဆိုင်ဆိုင်ပဲ ချန်ပီယံလိဂ် မှာ အက်သလက်တီကို မက်ဒရစ် နဲ့ ပြန်ဆုံ ခဲ့ပြီး ရိုနယ်ဒို ရဲ့ ဟက်ထရစ် နဲ့ ယူဗင်တပ် တို့ နောက်တဆင့် တက်ခဲ့ပါတယ် ။

 

 

အခုလည်း သူတို့ ထပ်ဆုံကြပြန်ပါပြီ ။ အက်သလက်တီကို မက်ဒရစ် က ရိုနယ်ဒို သွားတဲ့ နောက်ကိုပဲ လိုက်နေတာလား ၊ ရိုနယ်ဒို ရဲ့ ကံကြမ္မာကပဲ အက်သလက်တီကို မက်ဒရစ် နဲ့ ဆုံဖို့ အကြောင်းဖန်နေတာလား ဆိုတာ သိရခက်စေခဲ့ ပါပြီ ။

 

ဒါကြောင့် ဝမ်ဒါ မက်ထရို ပိုလီတန်နို မှာ ကစားမယ့် ဒီညပွဲမှာ အက်သလက်တီကို မက်ဒရစ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲဆိုတာထက် အက်သလက်တီကို မက်ဒရစ် နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ရဲ့ ပွဲလို့ ပြောဖို့ ပိုပြီး သင့်တော်မှာပါ ။

 

 

မေးချင်တဲ့ မေးခွန်း က ဒီတကြိမ်မှာရော ရိုနယ်ဒို ထပ်ပြီး လုပ်ပြ နိုင်ဦးမှာလား ဆိုတာပါပဲ ။ ယူဗင်တပ် နဲ့ လုပ်ပြ ခဲ့တာက တကယ့်ကို အံ့ဖွယ်ပါ ။ ဒါပေမယ့် အဲ့ဒါက လွန်ခဲ့တဲ့ ၃ နှစ်တုန်းကပါ ၊ အခု ရိုနယ်ဒို က ၃၇ နှစ် ကျော်လာခဲ့ပါပြီ ။

 

ဂိုးတွေ သွင်းနေဆဲ ဆိုပေမယ့် တနှစ်ထက်တနှစ် စွမ်းရည်တွေ လျော့ကျလာတာကို အထင်းသား မြင်တွေ့ နေရပါတယ် ။

 

ဒါတွေက အက်သလက်တီကို မက်ဒရစ် လို့ ဆိုလိုက်တာနဲ့ ရိုနယ်ဒိုကို အရင်လို ရိုနယ်ဒို ပြန်ဖြစ်သွားစေ နိုင်မှာလား ဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါပဲ ။

 

 

ရိုနယ်ဒို နဲ့ အက်သလက်တီကို မက်ဒရစ် တို့ ကြားက သမိုင်းဟာ ယူနိုက်တက် နဲ့ထက် ပိုများပေမယ့် ဒီပွဲ ရလဒ် ကိုတော့ အသင်း ၂ သင်းက ကစားသမား ၂၂ ယောက်ကပဲ အဓိက ဆုံးဖြတ် သွားမှာပါ ။

 

ရိုနယ်ဒို နဲ့ ယူနိုက်တက် တိုက်စစ်က စပိန်မြေပေါ်မှာ ဘယ်လောက်ထိ စွမ်းဆောင် နိုင်မှာလဲ ၊ အက်သလက်တီကို မက်ဒရစ် ရဲ့ တိုက်စစ် ကရော ယူနိုက်တက် ခံစစ်ကို ဘယ်လို ချိုးဖောက်ပြီး ဂိုးတွေ သွင်းနိုင်မှာလဲ ဆိုတာက ပွဲကို အဓိက သက်ရောက်စေမှာပါ ။

 

ရိုနယ်ဒို က အက်သလက်တီကို မက်ဒရစ် ကို နောက်တကြိမ် ကျရှုံးစေခဲ့မယ် ဆိုရင်တော့ ထပ်ပြီး အံ့အားသင့် ရဦးမှာပါပဲ ။

 

 

 

SPORTS MYANMAR