3 နှစ် ကလေးတောင် သိပါတယ် ၊ ဒါက ပင်နယ်တီ ပေးရမှာပါ #လမ်းပတ်

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ်က မနေ့ညက ကစားသွားတဲ့ ပွဲစဉ်မှာ သူ့အသင်း ရသင့်တဲ့ ပင်နယ်တီကို မရခဲ့လို့ ကွင်းလယ်ဒိုင် ပေါလ်တီယာနေး နဲ့ VAR ဒိုင် ခရစ္စ ကာဗာနာ တို့ကို ဝေဖန်သွားခဲ့ပြီး ၊ တရားဝင်ကြေငြာချက်ထုတ်ကာ ပြန်တောင်းပန်မယ့် အချိန်ကို စောင့်နေတယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

မန်စီးတီး ဟာ တန်းဆင်းဇုံ အန္တရာယ်ရှိနေတဲ့ အဲဗာတန် ကို မီးနစ် 80 ကျော်တဲ့ အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိပဲ ဖြစ်ခဲ့ပါတယ်။ 82 မီးနစ် အရောက်မှာတော့ ခံစစ်မှုး မိုက်ကယ် ကိန်း ရဲ့ အမှားကနေ တဆင့် ဖိုဒန် က အနီးကပ် သွင်းယူကာ လီဗာပူး နဲ့ နီးကပ်နေတဲ့ အမှတ်ကွာဟချက်ကို ဆွဲဆန့်နိုင်ဖို့ အခွင့်အလမ်း ပွင့်သွားပါတယ်။

သို့သော် ဦးဆောင်ဂိုးရလို့ မကြာခင်မှာပဲ ကွင်းလယ် ကစားသမား ရိုဒရီဟာ 18 ကိုက် အတွင်းမှာ လက်ထိခဲ့ပေမယ့် ၊ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိလို့ သက်သာရာရသွားပါတယ်။ သို့သော် အဲဒီ အဖြစ်အပျက်ကို သေချာ မြင်လိုက်ရတဲ့ အိမ်ရှင် ပရိသတ်တွေဟာ ဒိုင်လူကြီးကို အော်ဟစ် ဖိအားပေးခဲ့သလို ၊ ကွင်းဘေးက လက်ထောက်နည်းပြ အက်ရှ်လေကိုး ဆိုရင် ပွဲအပြီးမှာ အဝါကဒ်ပြပြီးတောင် သတိပေး ခံလိုက်ရပါတယ်။

“ ပင်နယ်တီ ဖြစ်နိုင်ချေ ရှိတယ် ကို မဟုတ်ပါဘူး ၊ ပင်နယ်တီ ပေးရမှာ သံသယ ဖြစ်နေစရာကို မလိုတာပါ။

ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက် တော်တော်ကြီးကို ထူးဆန်းလွန်းတယ်ဗျာ။ သူတို့ကြောင့် ကျနော်တို့ နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရပါတယ်။

ဒီကိစ္စက VAR နဲ့ ဆိုင်တာပါ။ ခရစ္စကာဗာနာ ရဲ့ အပိုင်းပါ။ ကျနော် ကိုယ်တိုင်လဲ ဒိုင်လူကြီးတွေ နဲ့ စကားပြောခဲ့တာမို့ ၊ သူတို့ ကိုယ်တိုင်တောင် ပင်နယ်တီ ဆိုတာ သိပါတယ်။ ပြန်စစ်ရမယ့် မေးခွန်းက လူကျွံ အနေအထား ဖြစ်နေလား ၊ မဖြစ်ဘူးလား ဆိုတာပါ။ ကျနော်တို့မှာ VAR ရှိနေရဲ့သားနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ပြန်ကြည့်လို့ ရတာပဲလေ။

ခရစ္စကာဗာနာ အနေနဲ့ ပင်နယ်တီ သတ်မှတ်ပေးဖို့ မသေချာရင်တောင် ကွင်းလယ်ဒိုင်ကို ပြန်ကြည့်ဖို့ အကြံပြုဖို့ ကောင်းပါတယ်။

အခုတော့ ပရော်ဖက်ရှင်နယ် ဒိုင်တွေ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်လို့ ကျနော်တို့ ရမှတ်တစ်မှတ် ဆုံးရှုံးသွားပြီးပါပြီ။ ဒီအချိန်မှာ ဘာဖြစ်လို့ ဆုံးရှုံးလိုက်ရတာလဲ ဆိုတာမျိုးထက် ၊ မဖြစ်သင့်တဲ့ အမှားမျိုးကို မှားခဲ့လို့ နစ်နာလိုက်ရတာပါ။

ဒါကို ပက်ဂွာဒီယိုလာလဲ သိတယ် ၊ အဲဗာတန် နဲ့ မန်စီးတီး ဖန်တွေလဲ သိပါတယ်။ လက်ကို ဆန့်ထုတ်ပြီး တားလိုက်မှတော့ ပင်နယ်တီကို ရှင်းရှင်းလင်းလင်းကြီး ပေးရမှာပါ။

ကျနော်ကတော့ တရားဝင် ဖြေရှင်းချက် (ဒါမှမဟုတ်) တောင်းပန်ချက် ထုတ်မယ့် အချိန်ကို စောင့်ကြည့်နေပါတယ်။ ဒိုင်တွေ အမှားလုပ်တဲ့ အချိန်မျိုးမှာ ဘာမှမဖြစ်သလိုတော့ မပြီးသွားစေချင်ပါဘူး” လို့ လမ်းပတ် က ပြောဆိုသွားခဲ့ ပါတယ်။

မန်စီးတီး ကစားသမားဟောင်း ဖြစ်သူ မီကာရစ်ချက် ကလဲ “ ဘာလို့ ပင်နယ်တီ သတ်မှတ် မပေးတာလဲ ဆိုတာ နားမလည်ဘူး” လို့ ပြောဆိုခဲ့သလို ၊ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကလဲ သေချာပေါက် ပင်နယ်တီ ပေးရမယ်လို့ ထောက်ပြသွားခဲ့ ပါတယ်။

ဆက်လက်ပြီး လမ်းပတ် က “ ဘောလုံးဟာ လက်မောင်းကို ထိတဲ့ အချိန် ၊ လက်ရဲ့ ဟန်အနေအထား က ပုံမှန် မဟုတ်တဲ့ အခြေအနေမျိုးမှာ ပင်နယ်တီ ပေးရမယ် ဆိုရင် အိမ်က 3 နှစ်အရွယ် သမီးငယ်တောင် သိပါတယ်။

ကျနော်တို့ က တန်းဆင်းဇုံ တိုက်ပွဲကို နွှဲနေရတာပါ။ သူတို့က ချန်ပီယံ တိုက်ပွဲကို နွှဲနေတာပါ။ ဒါကြောင့် ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက်တွေက အရေးပါ ပါတယ်။ ဒီကိစ္စ အပေါ် ဘယ်လို တုန့်ပြန်မှုတွေ ထပ်ဖြစ်လာမလဲ မသိပေမယ့် ၊ အချိန် 2 မိနစ်ကြီးများတောင် ယူပြီး မှားခဲ့ကြတာပါ။

တကယ်လို့ VAR က ဆုံးဖြတ်ဖို့ မသေချာရင်လဲ ၊ ကွင်းလယ်ဒိုင် ကို ပြန်စစ်ဖို့ ပြောရမှာပါ။ ကျနော် ကတော့ လုံးကို လက်မခံနိုင်ပါတယ်။ သူတို့ အနေနဲ့ ပြန်ပြီး ရှင်းပြဖို့ လိုပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဒီပွဲ အရှုံးရလာဒ်ကြောင့် အဲဗာတန် ဟာ တန်းဆင်းဇုံ အထက် တစ်မှတ်အကွာမှသာ ရှိနေပါတော့တယ်။

SM