အဲဗာတန်အတွက် ပွဲထွက်ခွင့် ရပြီး ခြေစွမ်းပြခဲ့တဲ့နောက် ဘယ်နေရာမှာ ကစားရတာ အနှစ်သက်ဆုံးလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဗန်ဒီ ဘိခ် 

 ပြီးခဲ့တဲ့ စနေနေ့တုန်းက အဲဗာတန် အသင်းအတွက် ပထမဆုံံး ပွဲထွက် ကစားခွင့် စတင်ရရှိခဲ့တဲ့နောက်တော့ ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် က Box to Box နံပါတ် 8 ကစားသမား အဖြစ် ကစားရတာကို အနှစ်သက်ဆုံး ဖြစ်ကြောင်း ထုတ်ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ နယ်သာလန် လက်ရွေးစင်ဟာ ပွဲထွက်ခွင့်တွေ ရရှိလိုတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့တုန်းက အဲဗာတန် အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

အခုတော့ သူဟာ လိုချင်နေခဲ့တဲ့ ပွဲထွက်ခွင့်ကို ဂွတ်ဒီဆင်ပါ့ခ် မှာ စတင်ရရှိခဲ့ပါပြီ ။ ဗန်ဒီ ဘိခ် ဟာ အဲဗာတန် တို့ လိဒ်စ် ယူနိုက်တက် အသင်းကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ အလန် နဲ့ အတူ ကွင်းလယ်မှာ ပွဲထွက်ခွင့် ရယူသွားနိုင်ခဲ့ ပါတယ် ။

သူဟာ ဒီပွဲမှာတော့ အသင်းရဲ့ သွင်းဂိုး 3 ဂိုးလုံးနဲ့ တိုက်ရိုက် ပတ်သက်ခြင်း မရှိခဲ့ပေမဲ့ ကွင်းလယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ပေးနိုင်ခဲ့ပြီး ပုံစံကောင်းလည်း ပြသသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အဖွင့်ဂိုး ရရှိစေဖို့ လမ်းကြောင်းလည်း ခင်းပေးနိုင်ခဲ့ပါတယ် ။

 

ဒီပွဲမှာတော့ အဲဗာတန် အသင်းဟာ 4 – 4 – 2 ကစားကွက်ကို ခင်းကျင်းခဲ့တဲ့ အတွက် ဗန်ဒီ ဘိခ် ဟာ တိုက်စစ်ရော ခံစစ်ပိုင်းကိုပါ မျှမျှတတ လိုက်လံ ဖြည့်စွက် ကစားပေးခဲ့ရပါတယ် ။ အခုတော့ ဒါဟာ သူ ကစားရတာနှစ်သက်တဲ့ နေရာဖြစ်ကြောင်း ဗန်ဒီ ဘိခ် က ထုတ်ပြောခဲ့ပါတယ် ။

” ကျွန်တော်ဟာ ခြားနားတဲ့ နေရာတွေမှာ ကစားပေးနိုင်တယ်လို့ ထင်ပါတယ် ။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ကျွန်တော်ဟာ နံပါတ် 8 နေရာ ၊ Box to Box ကစားရတာကို နှစ်ခြိုက်မိပါတယ် ။ မန်နေဂျာ ကတော့ ကျွန်တော့်ကို ဘောလုံးကိုင် ကစားစေလိုပြီး အသင်းနဲ့ ချိတ်ဆက်စေလိုခဲ့ပါတယ် ”

 

” သူဟာ ကျွန်တော့်ဆီက မျှော်လင့်တာတွေများနေသလို ကျွန်တော် ကိုယ်တိုင်ကလည်း ကျွန်တော့်ဆီက မျှော်လင့်ထားတာတွေ များလှပါတယ် ။ ဒီမှာ ရှိနေခွင့်ရရှိထားခဲ့တဲ့ ပထမဆုံး ရက်သတ္တပါတ် နှစ်ခုအတွက် ကျွန်တော် တကယ့်ကို ပျော်ရွှင်မိပါတယ် ”

 

” ကျွန်တော်ဟာ မိနစ် 90 အပြည့် ကစားခွင့် ရရှိခဲ့တဲ့ အတွက် တကယ်ပဲ ဝမ်းသာမိပါတယ် ။ ဒါပေမဲ့ ပွဲကစားချိန် နောက်ဆုံး မိနစ် 20 မှာတော့ ကျွန်တော့် စိတ်ထဲ အကြာကြီး ဆက်ကစားရဦးမယ်လို့ တွေးထင်နေခဲ့မိ ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော် အနည်းငယ် မောပမ်းသလို ခံစားနေခဲ့ရတယ်လေ ”

” ကျွန်တော် အသင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ ဒါပေမဲ့ ဆက်လက် တိုးတက်ဖို့တော့ လိုအပ်နေပါသေးတယ် ။ ဒီပွဲမှာ ကျွန်တော်ချွန်ထက်နေခဲ့ပြီး ဘောလုံး အများကြီး ကိုင်ခဲ့ရသလို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လည်း ချမှတ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဝေဖန်နေဆဲပါ ”

 

” ကျွန်တော် ဒီထက် ပိုကောင်းနိုင်သေးတယ်လေ ။ အခုလို ပထမဆုံး ပွဲစဉ် ကစားရတဲ့ အတွက် ပျော်မိပါတယ် ။ ဒါပေမဲ့ အခုဟာက ကျွန်တော်နဲ့ မဆိုင်ပါဘူး ။ ကျွန်တော့်အတွက် အရေးကြီးတာက ကလပ် နဲ့ အသင်းဖော်တွေအတွက် နိုင်ပွဲတွေ ရယူဖို့ ၊ အသင်းကို ကူညီနိုင်ဖို့ ပါပဲ ” လို့ ဗန်ဒီ ဘိခ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar