အဲဗာတန်ကို မန်စီးတီးတို့ ကံကောင်းစွာ နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် title race ကိ်ု ခန့်မှန်းလိုက်တဲ့ အို၀င်ဟားဂရေ့စ်

မနေ့ညက မန်ချက်စတာစီးတီးတို့ ဂွတ်ဒီဆင်ပက်မှာ အဲဗာတန်ကို ဒိုင်တွေရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်နဲ့ အတူ ကံကောင်းထောက်မစွာ အနိုင်ရရှိခဲ့ပြီးနောက် အို၀င်ဟားဂရေ့စ်က ဒီရာသီ ပရီးမီးယားလိဂ် title race အပေါ် သူ့ရဲ့ ယူဆချက်ကို ပြောပြသွားခဲ့ပါတယ်။ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးဟာ ယနေ့ညမှာ ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အဲဗာတန်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ မန်စီးတီးဟာ ဇယားထိပ်မှာ ၆ မှတ်အသာနဲ့ ရပ်တည်နေပါတယ်။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ မာဆေးဆိုက်မှာ အဲဗာတန်ကို ခက်ခက်ခဲခဲ ရင်ဆိုင် ကစားခဲ့ရပြီး မိနစ် ၈၀ ကျော်ထိ ဂိုးမရှိ သရေဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာတော့ အဲဗာတန် နောက်ခံလူ မိုက်ကယ်ကင်းရဲ့ အမှားကနေ ဖီးလ်ဖိုဒန်က ဂိုးသွင်းယူခဲ့တာကြောင့် မန်စီးတီးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ အဲဒီနောက် ရိုဒရီ ပင်နယ်တီ ဧရိယာထဲမှာ သိသိသာသာ လက်ထိခဲ့ပေမယ့်လည်း VAR ဒိုင်က ဒါကို ပင်နယ်တီ အဖြစ် မယူခဲ့တာကြောင့် အဲဗာတန်တို့ ပင်နယ်တီ မရခဲ့ဘဲ ၁-၀ နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ လက်ကျန် တစ်ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် အနိုင်ရခဲ့မယ်ဆိုရင် စီးတီးနဲ့ ၃ မှတ်အကွာကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

ဟားဂရေ့စ်က “ကျွန်တော့် အနေနဲ့ အဲဗာတန် အသင်းကို ချီးကျူးသွားရမှာ ဖြစ်ပါတယ်။ သူတို့ဟာ မန်နေဂျာသစ် လက်အောက်မှာ အကောင်းဆုံး ကစားခဲ့ပါတယ်။ သူတို့ဟာ မန်စီးတီးကို ဖိအားတွေ အတော် များစေခဲ့ပါတယ်။ ချန်ပီယံ ဖြစ်ချင်တယ် ဆိုရင်တော့ တစ်ခါတစ်ရံ ဒီလိုမျိုး ရုပ်ဆိုးဆိုး နိုင်ပွဲတွေတော့ လိုအပ်ပါတယ်။ သူတို့ ဒါကို လုပ်ခဲ့ပါတယ်။ အလုပ် ပြီးမြောက်ခဲ့ပါတယ်။

မန်စီးတီးဟာ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ပိုမို ဖန်တီး နိုင်ခဲ့ပါတယ်။ ဒီလို ရလဒ်မျိုးကို ရဖို့ အတွက် တစ်ခါတစ်ရံ ကံကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် စီးတီးဟာ ဒါကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ရာသီကုန်မှာ ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ အခါ ဒီလိုမျိုး နိုင်ပွဲတွေဟာ title race အတွက် တအားကို အရေးပါပါတယ်။ ဂွာဒီယိုလာ အနေနဲ့ ဒါကို အခြား သူတွေထက် ပိုပြီး သိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဟားဂရေ့စ်က “လီဗာပူးဟာ တကယ့်ကို အရှိန်အဟုန်ကောင်းကို ရနေပြီး လူအင်အား ကလည်း တောင့်တင်းလှပါတယ်။ သူတို့ဟာ title race အတွက် ယုံကြည်မှု ရှိနေပါလိမ့်မယ်။ ဒီလောက် ကောင်းတဲ့ မန်စီးတီး အသင်းနဲ့ လက်တကမ်း အကွာကို ရောက်လာအောင် လုပ်နိုင်တာကိုက တကယ်ကို ဂုဏ်ယူစရာပါ။

ကျွန်တော် ကတော့ ဒီရာသီ title race ဟာ နောက်ဆုံး ပွဲစဉ်ထိ သွားလ်ိမ့်မယ်လို့ ထင်မိပါတယ်။ ဒီနှစ်သင်းကြားက ဖလားလုပွဲဟာ နောက်ဆုံး လိဂ်ပွဲစဉ်ထိ အဆုံးအဖြတ် ခံယူသွားရမယ်လို့ ကျွန်တော် တကယ် ယုံကြည်နေပါတယ်။”

SM