အီတလီ မှာတုန်းက လက်ရှိ အာကစား ဒါရိုတ်တာ ပါရာတီချီ နဲ့ ခဏခဏရန်ဖြစ်ခဲ့ရဖူးတဲ့ အကြောင်းကို ဖွင့်ဟ လိုက်တဲ့ ကွန်တီ

မကြာခင် ကမှ မန်စီးတီး ကို ပူပူနွေးနွေး အနိုင် ကစားပြထားတဲ့ နည်းပြကြီး ကွန်တီ က အင်တာ မီလန် အသင်းမှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က လက်ရှိ စပါး MD အဖြစ် တာဝန်ယူ လုပ်ကိုင်နေတဲ့ ပါရာတီချီ နဲ့ ရန်ဖြစ်ခဲ့ရတဲ့ အကြောင်းတွေကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကွန်တီ နဲ့ ပါရာတီချီ တို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု ဝန်းကျင်က ယူဗင်တပ် အသင်းမှာ အတူတူ လုပ်ကိုင်ခဲ့ဖူးပြီး ၊ ကွန်တီ က အင်တာ မီလန် နည်းပြ ဖြစ်လာချိန်မှာ ပြိုင်ဘက်တွေ ပြန်ဖြစ်သွားခဲ့ကာ လူကာကူ ၊ ကူလူဆက်စကီး တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး စကားများခဲ့ကြဖူးပါတယ်။

ပါရာတီချီ က ယူဗင်တပ် အသင်းရဲ့ အားကစား ဒါရိုတ်တာ အဖြစ် လုပ်ကိုင်နေချိန်မှာ စီးရီးအေ ချန်ပီယံ ဆု အတွက် အနီးကပ် ပြိုင်ဘက် ဖြစ်လာတဲ့ အင်တာ မီလန် ကို ထိုးနှက်ဖို့ ဗျူဟာတွေ ချမှတ် လုပ်ကိုင်ခဲ့ဟန်တူပါတယ်။ ကွန်တီ က ကူလီဆက်စကီး ကို ခေါ်ယူဖို့ ကြိုးစားချိန်မှာ ပါရာတီချီ က ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့လို ၊ ယူနိုက်တက် ကနေ လူကာကူ ကို ခေါ်ယူဖို့ ကြိုးစားချိန်မှာလဲ ၊ ယူဗင်တပ် က ကြားဖြတ် လုယူဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်မှာတော့ သူတို့ နှစ်ယောက် ဟာ စပါး မှာ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းမိပြန်ပြီ ဖြစ်ပြီး ၊ မကြာခင်ကပဲ ယူဗင်တပ် ကစားသမားတွေ ဖြစ်တဲ့ ဘန်တန်ကာ ၊ ကူလူဆက်စကီး တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ညကတော့ ကူလူဆက်စကီး ဟာ သူ့ရဲ့ စပါး ကစားသမားဘ၀ ပထမဆုံး ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ကာ ၊ မန်စီးတီး ဘက်ကို အဖွင့်ဂိုး သွင်းယူခဲ့သလို ၊ ဟယ်ရီ ကိန်း ရဲ့ နောက်ကျ အနိုင်ဂိုး သွင်းယူနိုင်ဖို့လဲ ဖန်တီးပေးသွားခဲ့ ပါတယ်။

အဲဒီ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ကွန်တီ အနေနဲ့ အံ့အားသင့်မိလား လို့ မေးမြန်းရာမှာ အခုလိုပဲ တုန့်ပြန် ဖြေကြားသွားခဲ့ ပါတယ်။

“ ကျနော် က သူ့အကြောင်း သိထားပြီးသားမို့ လုံး၀ မအံ့သြပါဘူးဗျာ။

အင်တာ မီလန် မှာ တာဝန် ထမ်းဆောင်တုန်းက ဆိုရင် ယူဗင်တပ် ကနေ သူ့ကို ခေါ်ပေးဖို့တောင် တောင်းဆိုခဲ့ဖူးပါတယ်။ ကျနော် ကိုယ်တိုင်လဲ ပါရာတီချီ ထံ တိုက်ရိုတ် ဆက်သွယ်ကာ ၊ ခေါ်ယူချင်တဲ့ အိုက်ဒီယာ ကို သေချာ ရှင်းပြခဲ့ ပါတယ်။ ဒါပေမယ့် သူကပဲ အပြောင်းအရွှေ့ မဖြစ်အောင် ပိတ်ပင် တားဆီးခဲ့သူပါ။

လူကာကူ ကိစ္စတုန်းကပဲ ပါရာတီချီ လက်ချက်ပါပဲ။ ကျနော် က ဘယ်လ်ဂျီယံ တိုက်စစ်မှုးကို အရမ်းကြိုက်နေမှန်း သိတော့ သူက ယူဗင်တပ် အတွက် ကြားထဲကနေ ဖြတ်လုပေးဖို့ အားထုတ်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်ကတော့ ယူဗင်တပ် ရဲ့ ဘဏ္ဍာရေး အနေအထားက ကျနော်တို့ထက် အများကြီး တောင့်တင်းခဲ့တယ်လေ။ ဒါကြောင့်လဲ ကူလူဆက်စကီး ကို ခေါ်ဖို့ သူက ပိတ်ပင်ခဲ့တာပေါ့။

အင်္ဂလန်မှာတော့ ကစားသမား တစ်ယောက် ကို ခေါ်ယူဖို့ စဉ်းစားပြီ ဆိုရင် ရှုထောင့်ပေါင်းစုံကနေ လစ်ဟာမှု မရှိအောင် စဉ်းစားရပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပြိုင်ပွဲက ကမ္ဘာအပေါ်မှာ အကောင်းဆုံး ပြိုင်ပွဲမျိုး ဖြစ်သလို ၊ ကစားရတာလဲ အရမ်းခက်ပါတယ်။

ဒီလိဂ် မှာ ကစားရင်း ခြေစွမ်းပြနိုင်တဲ့ ဘောလုံးသမားတိုင်း ကြိုက်နေရာမှာ သွားပြီး ကစားလို့ ရပါပြီ။

ဘန်တန်ကာ ၊ ကူလူဆက်စကီး တို့ဆိုရင် ကောင်းမွန်တဲ့ ခေါ်ယူမှုတွေလို့ ပြောလို့ ရပါတယ်။ အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီနဲ့ ကိုက်ညီတဲ့ အပြင် ၊ လူငယ် ခြေတက် ကစားသမားတွေလေ။ သူတို့ဟာ စပါးကို ကူညီပေးဖို့ အဆင်သင့် ဖြစ်နေကြပါပြီ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM