အာဆင်နယ်အသင်းရဲ့ အဖိုးတန် comeback နိုင်ပွဲမှ ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တဲ့ အကြောင်းအရာများ

 

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် မှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲ ဝင်နေတဲ့ အာဆင်နယ် အသင်းဟာ ဝုလ်ဗာဟမ်တန် အသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး အဆင့် ၅ နေရာကို ပြန်လည် တက်လှမ်း လာခဲ့ပါတယ် ။

 

ဝုလ်ဗာဟမ်တန် အသင်းဟာ ဟွန်ချီဆန် ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပေမယ့် အာဆင်နယ် အသင်းဟာ ပွဲပြီးခါနီး မိနစ်တွေမှာ ချေပဂိုး နဲ့ အနိုင်ဂိုး တွေ သွင်းယူပြီး အဖိုးတန် comeback နိုင်ပွဲ ရယူ သွားခဲ့တာ ဖြစ်ပါတယ် ။

 

အာဆင်နယ် အတွက် ချေပဂိုး ကို ပွဲချိန် ၈၂ မိနစ်မှာ ပေပေ နဲ့ အနိုင်ဂိုးကို နာကျင် အချိန်ပို ၅ မိနစ်မှာ အသင်း ခေါင်းဆောင် တိုက်စစ်မှူး လာကာဇက် က ကန်သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့ နိုင်ပွဲကြောင့် အာဆင်နယ် အသင်းဟာ အဆင့်လေးနေရာက မန်ယူနိုက်တက် နဲ့ ၁ မှတ်အကွာ အနေအထားကို ရောက်ရှိ လာခဲ့ပါတယ် ။

 

( အာဆင်နယ် ၂-၁ ဝုလ်ဗာဟမ်တန် ) ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

 

၁ ။ တစ်ပွဲလုံး လွဲလာသမျှ အချိန်ပိုမှာ ဟီးရိုး ဖြစ်သွားခဲ့တဲ့ လာကာဇက်

 

ဒီနေ့ပွဲမှာ အာဆင်နယ် သာ အနိုင်မရရင် လာကာဇက် က အတော်လေး ဝေဖန် ခံရနိုင်တဲ့ ကစားသမားပါ ။ လာကာဇက် ဟာ ဝုလ်ဗ် နဲ့ ပွဲမှာ ကန်သင့်တဲ့ အချိန်အခါမှာ ဂိုးပေါက် ကန်သွင်းမှုတွေ မလုပ်ဘဲ မကန်သင့်တဲ့ အချိန်မှာ ဂိုးကန်သွင်း နေခဲ့တာကြောင့် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

 

ဒါပေမယ့်လည်း သူရဲ့နာကျင် အချိန်ပို အနိုင်ဂိုးဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့ရပြီး သူ တစ်ပွဲလုံး လွှဲခဲ့သမျှကို ခွင့်လွှတ် ပေးခဲ့ကြပါတယ် ။( မှတ်ချက် – လာကာဇက် ရဲ့ကန်ချက်ဟာ ပြိုင်ဘက် ဂိုးသမား ဟိုဆေးစ လက်နဲ့ ထိပြီး ဝင်သွားခဲ့တာကြောင့် own goal အဖြစ် သတ်မှတ် ခဲ့ပါတယ် ။ )

၂ ။ အာတီတာ ရဲ့ လူစားလဲ မှန်ကန်မှု

 

အာဆင်နယ် နည်းပြ အာတီတာ ဟာ အသင်း ရှုံးနိမ့် နေချိန်မှာ ချေပဂိုး နဲ့ အနိုင်ဂိုးတွေ ရရှိဖို့ ပေပေ ၊ အန်ကီးတီးယား တို့လို ကစားသမားတွေကို လူစားလဲ ထည့်သွင်း ခဲ့ပါတယ် ။ အဆိုပါ လူစားဝင် ကစားသမား ၂ ဦးကပဲ အာဆင်နယ် အသင်းရဲ့နိုင်ပွဲကို ပုံဖော် ပေးသွားခဲ့တာပါ ။

 

အာဆင်နယ် အသင်း ရဲ့ ချေပဂိုးမှာ အိုဒီဂတ် ရဲ့အကွက်မြင်မြင် ဖန်တီးပေးပို့မှုကနေ အန်ကီးတီးယား က ပေပေ အတွက် ပြန်လည် ဖန်တီး ပေးခဲ့တာ ဖြစ်ပါတယ် ။ အနိုင်ဂိုးဟာလည်း ပေပေ ရဲ့ ပေးပို့မှုကနေ လာကာဇက် က ကန်သွင်း ယူခဲ့တာပါ ။ ပေပေ ဟာ ၁၉ မိနစ်သာ ကစားခဲ့ရပေမယ့် သွင်းဂိုး ၁ ဂိုး ၊ ဘောလုံးထိချက် ၂၂ ကြိမ် ၊ ဘောလုံး ပေးပို့မှု အောင်မြင်နှုန်း ၁၂/၁၄ (၈၆%) အထိ ရှိခဲ့ပါတယ် ။

၃ ။ ဖြစ်နေကြ အမှားအတိုင်း ဂိုးပေးခဲ့ရပြန်တဲ့ အာဆင်နယ်

 

ဝုလ်ဗ် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ပေးလိုက်ရတဲ့ ဂိုးဟာ ပရိသတ်တွေ အကြိမ်ကြိမ် အခါခါမြင်ဖူးနေကြ ပုံစံ အတိုင်းပါပဲ ။ အာဆင်နယ် ကစားသမားတွေဟာ ပြိုင်ဘက်ရဲ့ဖိအားပေးမှု မရှိချိန်တောင်မှာ ဆုံးဖြတ်ချက် အမှားတွေ လုပ်တာမျိုးက မကြာခဏ မြင်တွေ့ နေရတဲ့ အရာပါ ။

 

ဒီနေ့ ပွဲမှာလည်း အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် ဟာ ညာနောက်ခံလူ နေရာမှာ ရောက်နေချိန် ဘောလုံး ကို ပြတ်ပြတ်သားသား ရှင်းထုတ်ဖို့ထက် ဂိုးသမားကို ပြန်ပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ သူ့ရဲ့ပေးပို့မှု ဟာ အတော်လေး အားပျော့သွားခဲ့ပြီး ဟွန်ချီဆန် က ကြားဖြတ် ရယူကာ ဂိုးသွင်းယူ သွားခဲ့ပါတယ် ။

 

ဂါဘရီယဲလ် ဟာ ပထမအကျော့တုန်းက ဟီးရိုး ဖြစ်ခဲ့သူ ဖြစ်ပေမယ့် ဒုတိယ အကျော့မှာ ဗီလိန် ဖြစ်မယ့် အရေးကနေ သီသီလေး လွှတ်မြောက် ခဲ့တာပါ ။

 

၄ ။ ချန်ပီယံလိဂ် ဝင်ဖို့ အလားအလာ ပိုကောင်းလာတဲ့ အာဆင်နယ်

 

ပြိုင်ဘက် အသင်းတွေ အမှတ်လျော့နေချိန်မှာ အာဆင်နယ် အသင်းဟာ နိုင်ပွဲတွေ ရယူပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ၂ ပွဲကျန် အနေအထားနဲ့ အဆင့် ၄ က မန်ယူနိုက်တက် နဲ့ တစ်မှတ်သာ ကွာပါတော့တယ် ။

 

ဒါ့အပြင် အာဆင်နယ်အသင်းဟာ အဆင့် ၆ က ဝက်စ်ဟမ်း ကို ၃ မှတ် ၊ အဆင့် ၇ က ဝုလ်ဗာဟမ်တန် ကို ၅ မှတ် ၊ စပါး ကို ၆ မှတ်အထိ ဖြတ်ထား နိုင်ပါတယ် ။ အာဆင်နယ် အသင်း ကစားဖို့ ကျန်ရှိနေသေးတဲ့ ပွဲတွေက စပါး ၊ ချဲလ်ဆီး တို့နဲ့ အဝေးကွင်းပွဲတွေ ဖြစ်ပါတယ် ။

 

၅ ။ ပထမအကျော့တုန်းက ပိုမို အားပါတဲ့ အောင်ပွဲခံပုံတွေ နဲ့ အာဆင်နယ်

 

ဝုလ်ဗ် အိမ်ကွင်းမှာ အနိုင်ရခဲ့တုန်းက အာဆင်နယ် အသင်းသားတွေရဲ့ အောင်ပွဲခံပုံ နဲ့ ပတ်သက်ပြီး ရူဘင် နီဗက်စ် က ဖလားရသလို အောင်ပွဲ ခံနေကြတယ်လို့ ဝေဖန် ခဲ့ဖူးပါတယ် ။ ဒုတိယအကျော့တွေ့ဆုံမှုကလည်း အဆိုပါ စကားကြောင့် စိတ်ဝင်စား စရာ ပိုမို ဖြစ်ခဲ့ရပါတယ် ။

လာကာဇက် ရဲ့ ကန်ချက် ဂိုးဝင် သွားချိန်မှာတော့ အာဆင်နယ် အသင်းသားတွေရော ၊ ပရိသတ်တွေရော ၊ နည်းပြ အာတီတာ ပါ အကြီးအကျယ် အားရပါးရ အောင်ပွဲ ခံခဲ့ကြပါတယ် ။ ပွဲအပြီးမှာလည်း အာတီတာ က နိုင်ပွဲ ရတဲ့ အချိန်တိုင်း အောင်ပွဲ ခံကြဖို့ အသင်းသားတွေကို တိုက်တွန်းထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

 

SM