အသင်းရဲ့ အနာဂါတ်ခေါင်းဆောင် ၊ ပရီးမီးယားလိဂ် ရနိုင်ချေ နဲ့ အမြင်ချင်ဆုံး နည်းပြသစ်တွေကို ရွေးချယ်ပေးခဲ့တဲ့ ယူနိုက်တက် ပရိသတ်များ

 

မန်ချက်စတာ ယူနိုက်တက် ရဲ့ လက်ရှိ အခြေအနေ ကတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ ။ မနှစ်တုန်းက ယူရိုပါလိဂ် နဲ့ ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲတွေမှာ ဒုတိယ နေရာတွေချိတ်ခဲ့တဲ့ အိုလေဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ဒီရာသီမှာတော့ အလဲလဲ အကွဲကွဲ နဲ့ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖြတ်သန်း နေရ ပါတယ် ။

 

ဒီလို ရလဒ်ဆိုးတွေကြောင့် ဆိုးရှား လက်ပြ နှုတ်ဆက် သွားရပြီး ရပ်ဖ် ရန်းနစ် ရောက်လာခဲ့ပေမယ့်လည်း အသင်းရဲ့ အခြေအနေက သိသိသာသာ တိုးတက် လာတာမျိုး မရှိခဲ့ ပါဘူး ။

 

 

အခုဆိုရင် ယူနိုက်တက် တို့ FA Cup နဲ့ လိဂ် ဖလားတွေကနေ ထွက်လိုက်ရပါပြီ ။ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၄ ကို တောင် နောက်ဆုံး မျှော်လင့်ချက် ပုံစံမျိုးနဲ့ တိုက်ပွဲဝင်ရ တော့မှာပါ ။ ချန်ပီယံလိဂ် က သင်္ချာနည်း အရ ဖြစ်နိုင်ချေ ရှိနေသေးတယ် ဆိုပေမယ့် ယုတ္တိဗေဒ နည်းအရတော့ မဖြစ်နိုင်သလောက် ပါပဲ ။

 

 

 

ဒါကြောင့် ပစ္စုပ္ပန်အတွက် မျှော်လင့်စရာ သိပ်မရှိတော့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး နာမည်ကျော် The Athletic သတင်းဌာနက ပရိသတ်မဲဆန္ဒ ကောက်ယူခဲ့ ပါတယ် ။

အဲ့ဒိ အထဲမှာ အနာဂါတ် အသင်းခေါင်းဆောင် အဖြစ် ဘယ်သူ့ကို မြင်ချင်လဲ ၊ အသင်းက ဘယ်အချိန်မှ ပရီးမီးယားလိဂ် ဖလား ပြန်ရနိုင်မလဲ ၊ နွေရာသီမှာ ဖြစ်လာမယ့် နည်းပြသစ် နဲ့ အရင်ဆုံး ခေါ်သင့်တဲ့ ကစားသမားက ဘယ်သူလဲ စတဲ့ မေးခွန်းတွေ ပါဝင်ခဲ့ ပါတယ် ။

 

ပရိသတ်တွေ ရဲ့ ဖြေဆိုမှု အပြီးထွက်ပေါ် လာတဲ့ ရလဒ်တွေ ကတော့ . . . . .

 

 

 

၁ ။ ရာသီကုန် အဆင့် နဲ့ အမှတ်ပေးဖလား ရနိုင်ချေ

 

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် တို့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဒီနေရာကို ရာသီကုန်တဲ့ အထိ ထိန်းသိမ်း ထားနိုင်ဖို့ဟာ အသင်းရဲ့ တခုတည်းသော နဲ့ အရေးအပါဆုံး ရည်မှန်းချက် ဖြစ်လာခဲ့ပါပြီ ။

 

ဒီနေရာကို ရနိုင်မယ်လို့ ယုံကြည်တဲ့ ယူနိုက်တက် ပရိသတ်အင်အားက မဲပေးသူတွေရဲ့ ထက်ဝက် ရှိပါတယ် ။ ၃၀% လောက်ကတော့ အဆင့် ၅ ဖြစ်သွားနိုင်တယ်လို့ ထင်ထားကြပြီး အောက်အဆင့်တွေ အတွက် မဲပေးမှုတွေ ကတော့ ပမာဏ နည်းပါးခဲ့ပါတယ် ။

 

 

 

ယူနိုက်တက် ရဲ့ အမှတ်ပေး ဖလား ရနိုင်ချေ ကတော့ အနာဂါတ်မေးခွန်း စစ်စစ် တခုပါပဲ ။ အဘက်ဘက်က ကျဆင်းနေတဲ့ အသင်းကို အချိန်ယူပြီး ပြန်တည်ဆောက် ကြရဦးမှာ ဖြစ်တာကြောင့် လာမယ့် ရာသီမှာ ယူနိုက်တက် ပရီးမီးယားလိဂ် ရမယ်လို့ ယုံကြည်သူက အတော့ကို နည်းခဲ့ကြပါတယ် ။

 

အတော်များများက ယူနိုက်တက် ဟာ ၂၀၃၀ မကျော်ခင်မှာတော့ အမှတ်ပေး ချန်ပီယံ ပြန်ဖြစ်နိုင်တယ်လို့ ထင်ထားကြပါတယ် ။ နောက် ၃ နှစ်အတွင်း ရမယ်ဆိုတဲ့ လူကလည်း ၃ ပုံ ၁ ပုံလောက်ရှိပါတယ် ။

 

 

၂ ။ နည်းပြ ရန်းနစ် အပေါ် အမြင်

 

ယူနိုက်တက် ဟာ နည်းပြတွေနဲ့ ပတ်သက်ပြီး အကောင်းမြင်တတ်တဲ့ အသင်းလို့ ပြောရမှာပါ ။ အိုလေဂန်နာ ဆိုးရှား လက်ထက်မှာ အခြေအနေတွေ အလွန်ဆိုးရွား နေချိန်တုန်းက တောင်မှ ဆိုးရှား ကို ထောက်ခံ ဝန်းရံတဲ့ ပရိသတ်တွေဟာ အိုးထရက်ဖိုဒ့်မှာ အမြဲ ရှိနေခဲ့ ပါတယ် ။

 

အခု ယာယီ နည်းပြ ရန်းနစ် လက်ထက်မှာလည်း ယူနိုက်တက် ရဲ့ ခြေစွမ်းက အားရလောက်တဲ့ အနေအထားမျိုး မဟုတ်သေးပေမယ့် နည်းပြ အပေါ် အကောင်းမြင်တဲ့ အရေအတွက်ဟာ မကောင်းမြင်တဲ့ အရေအတွက်ထက် ပိုများ နေခဲ့တာကို တွေ့ခဲ့ရ ပါတယ် ။

 

ရန်းနစ် ကလည်း ဆောင်းရာသီ နားရက်ပြီးချိန်ကစလို့ အသင်းသားတွေ အပေါ် ပိုမို သိနားလည် လာပုံရပြီး နောက်ပိုင်း ပွဲတွေမှာ လူစားလဲတာတွေ မှန်ကန်လာတာကို မြင်တွေ့ခဲ့ရ ပါတယ် ။

 

 

၃ ။ နည်းပြသစ် နဲ့ အသင်းခေါင်းဆောင်သစ်

 

ဒါပေမယ့် ရန်းနစ် ကို အသင်းရဲ့ အနာဂါတ် နည်းပြအဖြစ်တော့ ပရိသတ်တွေ မမြင်ထားကြပါဘူး ။

 

နွေရာသီမှာ ဘယ်သူက အသင်းရဲ့ အမြဲတမ်း နည်းပြ အဖြစ်ရှိစေချင်သလဲ ဆိုတဲ့ ကဏ္ဍမှာ ရန်းနစ် ဟာ မဲ ၁၀% ခန့်သာ ရခဲ့ပါတယ် ။

 

အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် က ယူနိုက်တက် ပရိသတ်တွေ ရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားပြီ ဆိုတာကို ၅၀% အထက် ရှိနေတဲ့ မဲပေးမှုက သက်သေခံနေခဲ့ ပါတယ် ။

 

ပိုချက်တီနို ကတော့ ဒုတိယ မဲ အများဆုံး ဆိုပေမယ့် တန်ဟတ် နဲ့ ၂ ဆလောက် ကွာနေခဲ့ပါတယ် ။

 

 

ပရိသတ်တွေ အကြားမှာ ရေပန်းစားနေတဲ့ ခေါင်းစဉ် တခု ဖြစ်တဲ့ အသင်းခေါင်းဆောင်နဲ့ ပတ်သက်တဲ့ ရွေးချယ်မှု ကလည်း စိတ်ဝင်စားဖို့ ကောင်းခဲ့ ပါတယ် ။

 

လက်ရှိ အသင်းခေါင်းဆောင် မက်ဂွဲယား ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မေးခွန်းထုတ်မှုတွေ ရှိနေ ပေမယ့် မဲဆန္ဒကောက်ခံမှု မှာတော့ အင်္ဂလန်သား ဟာ တတိယ မဲအများဆုံး ရရှိထားပြီး မကြာခင်က ခေါင်းဆောင်မှုကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ ရှိတယ်လို့ ကောလဟာလ ထွက်ခဲ့သူ ရိုနယ်ဒို ထက် % အနည်းငယ် ပိုများနေခဲ့ပါတယ် ။

ယူနိုက်တက် ရဲ့ အနာဂါတ် အသင်းခေါင်းဆောင် ဖြစ်နိုင်တယ်လို့ သုံးသပ်ခံထားရတဲ့ တော်မီနေး က မဲအများဆုံး ၅ ယောက်ထဲမှာ ရာနှုန်းအနည်းဆုံး ဖြစ်နေတာကလည်း အံ့အားသင့်စရာပါပဲ ။

 

ဂိုးသမား ဒါးဗစ် ဒဟဲယား က ဒုတိယ မဲအများဆုံး ရရှိခဲ့ပြီး သူ့ရဲ့ ဆယ်နှစ်ကျော် ပေးဆပ်မှုဟာ ဒီလို ဂုဏ်ပြု ခံရမှု အတွက် ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ် ။

 

နံပါတ် ၁ နေရာကတော့ သိပ်ပြီး ထူးဆန်းစရာ မရှိပါဘူး ။ ဘရူနို ဖာနန်ဒက်စ် ပါပဲ ။

 

 

၄ ။ ခရစ္စတီယာနို ရိုနယ်ဒို

 

ယူနိုက်တက် အကြောင်း ပြောကြပြီ ဆိုရင် ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အကြောင်းက မပါမဖြစ် ပါပဲ ။

 

၃၇ နှစ်ကို မကြာသေးခင်က ပြည့်မြောက် သွားတဲ့ တိုက်စစ်မှူးကြီးဟာ အသင်းအတွက် ပွဲတိုင်းနီးပါး ပွဲထွက် ကစားပေးနေပါတယ် ။ ဂိုးတွေလည်း ထိုက်သလောက် သွင်းနေတုန်း ပါပဲ ။

ဒါပေမယ့် အသင်းရဲ့ ရည်မှန်းချက်တွေ အတွက် ၃၇ နှစ်သားကြီး ရဲ့ သွင်းဂိုးတွေကို အဓိက မီခိုနေရတာ ကိုတော့ ယူနိုက်တက် ပရိသတ်တွေ မလိုလားကြပါဘူး ။

 

ဒါကြောင့် လာမယ့် ရာသီမှာ ရိုနယ်ဒို ကို အသင်းမှာ ဆက်မြင်စေချင်သလား ဆိုတဲ့ မေးခွန်းမှ ၅၅% လောက်က NO ကို ရွေးခဲ့ကြတာပါပဲ ။

လက်ရှိ ရာသီမှာတော့ ရိုနယ်ဒို ဟာ အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူး အဖြစ် ရှိနေတာကိုတော့ ပရိသတ်တွေ က လက်ခံ ခဲ့ကြပါတယ် ( Yes 70% )

 

၅ ။ အဓိက အားဖြည့်စေချင်တဲ့ နေရာ ၊ အဓိက ခေါ်စေချင်တဲ့ ကစားသမား

ညာတောင်ပံ အတွက် ဆန်ချို ကို ခေါ်ယူအပြီးမှာတော့ ( တကယ်တမ်းမှာတော့ ဆန်ချို က ဘယ်တောင်ပံ မှာချည်း ကစားနေရပါတယ် ) ကွင်းလယ်ဟာ ယူနိုက်တက် ရဲ့ အားအနည်းဆုံး နေရာ အဖြစ် ဆက်လက် ကျန်ရစ် နေခဲ့ ပါတယ် ။

အသင်းမှာ ဆက်မရှိလောက်တဲ့ ပေါ့ဘာ ၊ ထိပ်တန်းဆင့် မရှိတဲ့ မက်-ဖရတ် ၊ အကျပိုင်းရောက်နေတဲ့ မာတစ် တို့ကြောင့် ကွင်းလယ်ကို အဓိက အားဖြည့်ဖိ့ု ယူနိုက်တက် ပြင်ဆင် နေသလို ပရိသတ် အားလုံးနီးပါး ရဲ့ ဆန္ဒ ကလည်း ကွင်းလယ်လူပဲ ဖြစ်ခဲ့ ပါတယ် ။

ဒီနေရာမှာတော့ ယူနိုက်တက် ပရိသတ် အများအပြားဟာ ဝက်စ်ဟမ်း ရဲ့ အင်္ဂလန် ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို လိုအပ်နေတဲ့ ကွင်းလယ် အဖျက်နေရာအတွက် အဓိက ဦးစားပေး ခေါ်စေလိုကြတာကို တွေ့ခဲ့ရ ပါတယ် ။

အင်္ဂလန်သား ဖြစ်တာကြောင့်ရော ပရီးမီးယားလိဂ် နဲ့ အသားကျပြီး ဖြစ်တာကြောင့်တွေရောကြောင့် ဖြစ်နိုင်ပါတယ် ။ ဈေးကတော့ သေးမှာ မဟုတ်ပါဘူး ။

ရိုက်စ် ရဲ့ နောက်မှာတော့ ဒေါ့မွန် မှာ နေရာရပြီး ခြေစွမ်းပြ နေတဲ့ နောက်ထပ် အင်္ဂလန်သားလေး ဂျုဒ် ဘယ်လင်ဟမ် က မဲအများဆုံး ရထားပြီး လိုက်ပ်ဇိ ကွင်းလယ်လူ ဟိုင်ဒါရာ က တတိယ မဲ အများဆုံး ရရှိထား ပါတယ် ။

မဲပေးသူ အများစုဟာ ဗြိတိန်သားတွေ ဖြစ်တာကြောင့် ကဏ္ဍအချို့မှာ အင်္ဂလိပ်တွေ ဖြစ်တဲ့ မက်ဂွဲယား ၊ ရိုက်စ် ၊ ဘယ်လင်ဟမ် တို့ အပေါ် မဲတွေ များနေတာကလည်း ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။

အခြားသော မေးခွန်းတွေမှာတော့ ယူနိုက်တက် ပရိသတ် ထက်ဝက်ကျော်ဟာ ပေါလ် ပေါ့ဘာ ကို စာချုပ် ပြည့်ချိန်မှာ လက်လွှတ်ဖို့ ဆန္ဒ ရှိခဲ့ပြီး စာချုပ်သစ် ချုပ်လိုတဲ့ ပမာဏ ကလည်း အရမ်းကြီး နည်းမနေခဲ့ ပါဘူး ။

ယူနိုက်တက် ပရိသတ်ထက်ဝက် ဟာ အသင်းရဲ့ ပြဿနာတွေ အတွက် ပိုင်ရှင် ဂလေဇာ မိသားစု ကို အဓိက တာဝန်ရှိသူတွေလို့ သတ်မှတ် ခဲ့ကြပြီး ဘုတ်အဖွဲ့ဝင် နဲ့ ကစားသမားတွေ ကြောင့်လို့ ယူဆသူတွေလည်း ၂၀% စီလောက်ရှိခဲ့ကြ ပါတယ် ။ နည်းပြကြောင့်ဆိုတဲ့ အပိုင်းဟာ မဲပေးမှု အနည်းဆုံး ဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရ ပါတယ် ။

ဒါ့အပြင် ဥရောပ စူပါလိဂ် ကနေ နှုတ်ထွက်မှု အပေါ်လည်း ကျေနပ်ခဲ့ကြပြီး အမှုဆောင်ဟောင်း အက်ဝုဒ်ဝက် တာဝန်ယူခဲ့တဲ့ အချိန်တွေဟာ အသင်းအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တာကိုလည်း ပရိသတ် အများအပြား က လက်ခံ ခဲ့ကြပါတယ် ။

 

SPORTS MYANMAR