အသင်းတိုင်းကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ထားကြောင်း အေတီကို မက်ဒရစ် နိုင်ပွဲ အပြီးမှာ ပီကေး ကြုံးဝါး ပြောဆို

ဘာစီလိုနာ အသင်းရဲ့ ခံစစ်မှူးကြီး ဂျရတ် ပီကေး က သူတို့ဟာ ဘယ် အသင်းကို မဆို အနိုင် ကစားနိုင်တယ်လို့ ယုံကြည် လာကြောင်း အက်သလက်တီကို မက်ဒရစ် အသင်းကို အနိုင် ကစား ခဲ့တဲ့ လာလီဂါ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ယမန်နေ့က အေတီကို မက်ဒရစ် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၄-၂ နဲ့ အနိုင် ကစားကာ အဆင့် ၄ နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

အေတီကို ဟာ ပွဲ အစ ၈ မိနစ် မှာ ကာရက်စ်ကို ရဲ့ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ ပေမယ့် ၂ မိနစ် အကြာမှာပဲ ဘာစီလိုနာ က ချေပဂိုး ပြန်လည် ရရှိခဲ့ ပါတယ် ။

ဒီဂိုးကို ဂျော်ဒီ အယ်လ်ဘာ က သွင်းယူ ခဲ့ပြီး တကျော့ပြန် ဝါရင့်ကြီး ဒါနီ အဲလ်ဗက်စ် က ဖန်တီးပေး ခဲ့တာ ဖြစ်ပါတယ် ။

 

အဲ့ဒိ နောက်မှာတော့ ဘာစီလိုနာ ဟာ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဂါဗီ နဲ့ အာရူဟို တို့ရဲ သွင်းဂိုးတွေ ထပ်မံ ရရှိ ခဲ့ပြီး ပထမပိုင်းမှာ ၃-၁ နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ် ။

ဘာစီလိုနာ ကို ပြန်ရောက်လာ ခဲ့တဲ့ အကယ်ဒမီ ကစားသမားဟောင်း ထရာအိုရေး ကတော့ မနေ့က သူ့ရဲ့ ပထမဆုံး ပွဲမှာ ဂါဗီ ရဲ့ ဂိုးကို ဖန်တီးပေး သွားနိုင်ခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ၂ သင်းလုံး ၁ ဂိုးစီ ထပ်ရပြီး ၄-၂ နဲ့ အဆုံးသတ်ခဲ့ ပါတယ် ။ ဘာစီလိုနာ အတွက် စတုတ္ထဂိုး ကို ဒါနီ အဲလ်ဗက်စ် က သွင်းယူခဲ့ပြီး မိနစ် ၂၀ အကြာမှာတော့ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

အဲလ်ဗက်စ် အတွက်တော့ ရသစုံတဲ့ ညနေခင်း တခု ဖြစ်ခဲ့မှာ အသေအချာပါပဲ ။

“ဒီနိုင်ပွဲက အသင်းအတွက် အများကြီး အရေးပါ ခဲ့ပါတယ် ။ အခု လုပ်နေတာတွေက လမ်းမှန်ပေါ်မှာ ရှိနေတယ် လို့ ပြောနေသလို ပါပဲ ။ အသင်းက တိုးတက်မှုတွေ ဆက်တိုက် ဖြစ်နေပါပြီ ၊ ကစားပုံ ကလည်း ပိုကောင်းလာပါတယ် ။ ယုံကြည်ချက် လည်း ပိုလာပါပြီ”

“အခုဆိုရင် ဘယ်အသင်းကို မဆို ရင်ဆိုင် ယှဉ်ပြိုင်ပြီး အနိုင် ယူနိုင်တယ်လို့ ပြန်ပြီး ယုံကြည် လာပါပြီ ။

ဒါက အကောင်းဆုံး တိုးတက်မှု ပါပဲ ။ အခု လာမယ့် အပတ်မှာ ကစားမယ့် လာမယ့် ပွဲအတွက် အာရုံစိုက် ပြင်ဆင် ရဦးမှာပါ ။ နိုင်ပွဲတွေ ဆက်ပြီး ရနေဖို့ပေါ့” လို့ ပီကေး က ဘာဆာ တီဗွီ ကနေ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တောရက်စ် ၊ ထရာအိုရေး ၊ အော်ဘားမီးယန်း တို့ကို ခေါ်ယူနိုင် ခဲ့တဲ့ အကျိုးရလဒ် ကို မနေ့ညက ရရှိခဲ့ပါတယ် ။

ထရာအိုရေး ဟာ အသင်းနဲ့ အထိုင်ကျ ခဲ့ပြီး နည်းပြ ဇာဗီ ကိုယ်တိုင် စပိန်သားကို ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

အော်ဘားမီးယန်း ကတော့ လူစားဝင် ကစားပြီး အသင်းသစ် ၊ လိဂ် အသင်းနဲ့ စတင် မိတ်ဆက် နိုင်ခဲ့ ပါတယ် ။

လက်ရှိ မှာ ဘာစီလိုနာ ဟာ အဆင့် ၄ နေရာကို ရယူ ထားနိုင်ခဲ့ပြီး အဆင့် ၁ နေရာက ရီးရဲ နဲ့တော့ ၁၅ မှတ်အထိ ကွာဟ နေပါတယ် ။

ဒါပေမယ့် နည်းပြ ဇာဗီ ရောက်ရှိလာအပြီး မှာ ဘာစီလိုနာ ဟာ လာလီဂါ မှာ ရှုံးပွဲ တပွဲသာ ကြုံတွေ့ ထားရပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာစပြု နေပြီလို့ သတ်မှတ် နိုင်ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR