‘ အမှားကျူးလွန်ခဲ့ပြီးပြီ ‘ ၊ ‘ ပိုကြီးတဲ့ အမှားကို ကျူးလွန်မိမယ် ‘ ရော်နယ်ဒို နဲ့ ပတ်သက်လို့ ယူနိုက်တက်ကို အသိပေးမှု ပြုလုပ်လိုက်တဲ့ ကာရေဂါ

လီဗာပူးနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေရဲ့ ခံစစ်မှူးဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ရော်နယ်ဒို ကို နောက်တစ်ရာသီ အသင်းမှာ ထားတာက ကြီးမားတဲ့ အမှားကျူးလွန်မှု ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့လိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေတုန်းက ဂျူဗင်တပ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဘရိုက်တန် အသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုး သွင်းယူခဲ့တဲ့နောက် ဒီအသင်းအတွက် 15 ဂိုး ပြည့်မြောက်သွားခဲ့ရပါပြီ ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ မာရှယ် ၊ ရပ်ရှ်ဖို့ ၊ ဂရင်းဝုဒ် ၊ ကာဗာနီ တို့လို ကစားသမားတွေ ရှိနေခဲ့ချိန် ဂျေဒန် ဆန်ချိုလို ကစားသမားမျိုးကိုပါ ထပ်ခေါ်ပြီး မန်စီးတီး ပစ်မှတ် ဖြစ်ခဲ့တဲ့ ရော်နယ်ဒို ကိုပါ ဖြတ်ခုတ်ခဲ့တဲ့ အပေါ် ဝေဖန်သူတွေ များခဲ့ပါသေးတယ် ။

ဒါပေမဲ့ ရော်နယ်ဒို ကတော့ အသင်းရဲ့ ကစားကွက်ထဲမှာ အကောင်းဆုံး အံမဝင်နိုင်ခဲ့တဲ့ကြားက 15 ဂိုး အထိ သွင်းယူပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ 6 ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့ချိန် ၊ ပွဲထွက်ခွင့် မိနစ်တွေ လျော့နည်းခဲ့ချိန်မှာ သူဟာ ဝေဖန်မှုတွေကြား ပြန်ရောက်ခဲ့ပါတယ် ။

အခုတော့ လီဗာပူး ဂန္တဝင် ကာရေဂါက ယူနိုက်တက်တို့ ရော်နယ်ဒို ကို ပြန်ခေါ်ခဲ့တာကိုက အမှား ကျူးလွန်ခြင်း ဖြစ်ခဲ့ကြောင်း ၊ သူ့ကို နောက်တစ်နှစ် အသင်းမှာ ဆက်ထားမယ်ဆိုရင် ပိုပြီး ကြီးမားတဲ့ အမှား ကျူးလွန်မှု ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းက ဘရိုက်တန်ကို အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒို ဟာ သွင်းဂိုးတွေ ဘယ်လောက်အထိ ဆာလောင်သလဲ ဆိုတာကို ပြသတဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲပဲ ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲ့ အဲ့တာက အမှန်တရားကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး ”

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက သူ့ကို ပြန်လည် ခေါ်ယူလိုက်ပြီး အမှား ကျူးလွန်ခဲ့ပါတယ် ။ သူ့ကို နောက်တစ်နှစ် အသင်းမှာပဲ ဆက်လက် ရှိနေစေဦးမယ်ဆိုရင်တော့ အဲ့တာထက် ပိုကြီးတဲ့ အမှား ကျူးလွန်ခြင်း ဖြစ်သွားပါလိမ့်မယ် ”

” ကျွန်တော် ပြောတာကို ဘယ်လိုအဓိပ္ပါယ်တွေ ကောက်ကြမလဲဆိုတာ ကျွန်တော်သိပါတယ် ။ ရော်နယ်ဒို ပိုင်ဆိုင်ထားတဲ့ ထူးကဲတဲ့ အရည်အသွေးတွေကို စာရင်းလုပ်ဖို့ဆိုတာ အရမ်းကို လွယ်ကူပါတယ် ။ ဒါကြောင့်လည်း သူက ကမ္ဘာ့ အခမ်းနားဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တာလေ ”

 

” သူဟာ အံ့ဖွယ် ဂိုးသွင်းနိုင်စွမ်း တစ်ဦး အဖြစ် ရှိနေဆဲပါ ။ ပင်နယ်တီ ဧရိယာထဲ သူဟာ ကြောက်စရာကောင်းသူ အဖြစ် ရှိနေဆဲပါပဲ ။ အသင်းက သူ့ကို အရမ်းကြီးလိုအပ်နေချိန်မှာ အနိုင် ရလဒ်ကို ယူဆောင်ပေးနိုင်သူ တစ်ဦး အဖြစ် ရှိနေသေးဆဲပါပဲ ”

” ဗီလာ ရီးယဲ ၊ အတ္တလန္တာ အသင်း တွေနဲ့ ပွဲစဉ်တွေမှာ သူဟာ အဲ့တာကို ပြသခဲ့ပြီးပြီလေ ။ အဲ့တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်ရှိနေသေးတာပါ ။ ဒါပေမဲ့ ဒီနှစ်တော့ သူ ဂိုး 20 ကျော် သွင်းနိုင်လိမ့်မယ်လို့ ခင်ဗျား လောင်းရဲမှာ မဟုတ်ပါဘူး ”

” သူ့ရဲ့ သွင်းဂိုးတွေသာ မပါရင် ယူနိုက်တက် အသင်းက ဘယ်နေရာမှာ ရပ်တည်နေမလဲ ? ဒီမေးခွန်းကို ခင်ဗျားတို့ မကြာခန ကြားခဲ့မှာပါ ။

ဟုတ်ပါတယ် ၊ ဒီအတွက် အဖြေက အဆင်သင့် ရှိပြီးသားပါ ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 မှာ ပြိုင်ပွဲစုံ 121 ဂိုး သွင်းနိုင်ခဲ့ပါတယ် ”

” အဲ့တာက လွန်ခဲ့တဲ့ 14 နှစ် အတွင်းမှာ သူတို့ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ နှစ် တစ်ခု ဖြစ်စေနိုင်ခဲ့ ပါတယ် ။

ဘာလို့လဲဆိုတော့ သူတို့ ဟန်ချက်တွေ ပိုညီလာခဲ့ကြလို့ သွင်းနိုင်ခဲ့တာပါ ။ အခုထက် ပိုပြီး လူညီခဲ့ကြလို့ပါ ” လို့ ကာရေဂါ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar