‘ အမ်ဘတ်ပေ ဟာ ဂြိုဟ်သား တဦးအလားပါပဲ ‘ – ဒွန်နာရမ်မာ

မနေ့ည က ကစားခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ရဲ့ အကြီးကျယ်ဆုံး ထိပ်တိုက် တွေ့ဆုံမှုလို့ သတ်မှတ်ရမယ့် ပီအက်စ်ဂျီ – ရီးရဲလ်မက်ဒရစ် ပွဲမှာ ပီအက်စ်ဂျီ ဟာ ပြင်သစ် စူပါစတား ကီလီယန် အမ်ဘတ်ပေရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ အတူ အနိုင်ရခဲ့ပါတယ် ။ 

 

ရီးရဲလ်မက်ဒရစ် အဖို့တော့ နောက်ဆုံး မိနစ်မှာ ပေးခဲ့ရတဲ့ ဂိုးဖြစ်လို့ ရင်နာစရာကောင်းပေမယ့် ၊ ရလဒ် အရ မဆိုးတဲ့ အတွက် ဒုတိယ အကျော့ ဘာနေဗျူးမှာ ရလဒ် ပြောင်းပြန်လှန်ကာ ၊ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ဖို့ အခွင့်အရေး အပြည့်အဝ ရှိနေပါသေးတယ် ။

 

သို့ပေမယ့် ရီးရဲလ်မက်ဒရစ် ဟာ မနေ့ည က ပဲရစ်မှာ ခံစစ်ကိုသာ အဓိက အာရုံစိုက်ခဲ့ရပြီး ၊ အမ်ဘတ်ပေရဲ့ ခြိမ်းခြောက်မှု အချို့နဲ့ မက်ဆီရဲ့ ပင်နယ်တီကို လက်စွမ်းပြ ကာကွယ်သွားတဲ့ ဂိုးသမား သီဘောက် ကော်တွိုက်စ်ကြောင့်သာ ရလဒ် ကွာဟမှု မကြီးမားခဲ့တာ ဖြစ်ပါတယ် ။

တဖက်မှာ ပီအက်စ်ဂျီ ကတော့ ဂိုးပေါက် ကန်သွင်းမှု အသာ ၊ ဖန်တီးမှု အသာ ၊ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ မက်ဒရစ်ကို ထိုးဖောက်နိုင်ခဲ့တာကြောင့် ၊ ဒီ နောက်ဆုံးမိနစ်ဂိုးဟာလည်း ၎င်းတို့နဲ့ ထိုက်တန်မှု အပြည့် ရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။

 

ဒီဂိုးကို အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ၂ဦး ဖြစ်တဲ့ ဒန်နီ ကာဗာဟယ်နဲ့ အီဒါ မီလီတာအိုတို့ တားဆီးနေတဲ့ကြားက ဖောက်ထွက်ပြီး ၊ ကော်တွိုက်စ်ရဲ့ ဂွကြားထဲကို လှလှပပ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ် ။ တပွဲလုံး ထူးထူးခြားခြား ကာကွယ်မှု မလုပ်ခဲ့ရတဲ့ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာ ကတော့ အမ်ဘတ်ပေ ဟာ ဂြိုဟ်သား တဦး ဖြစ်ကြောင်း အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ် ။

Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ ဒွန်နာရမ်မာ က ” ကီလီယန် ဟာ ဂြိုဟ်သား တဦးပါ ။ ဒီ ကမ္ဘာမြေ ပြင်ပက ဂြိုဟ်သား တဦး ဖြစ်ပါတယ် ။ ခင်ဗျား ဟာ သူ့ရဲ့ ခြေစွမ်းကို လေ့ကျင့်ရေး အစီအစဉ်တွေမှာ ၊ ကစားရတဲ့ ပွဲတွေ အတွင်းမှာ တွေ့နိုင်ပြီး ၊ သူဟာ ဒီအတိုင်း အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တဦးပါပဲ ။ ”

 

” လာမယ့် ရာသီမှာ သူ ဘာဆက်လုပ်မလဲ ဆိုတာက သူ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ် ။ ဒါပေမယ့် လောလောဆယ်မှာ သူဟာ ပဲရစ်မှာ နေထိုင်တဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပီအက်စ်ဂျီ ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဒန်နီလို ပါရဲရားကလည်း အမ်ဘတ်ပေရဲ့ မနေ့ညက ပွဲမှ ခြေစွမ်း အပေါ် အခုလိုပဲ ချီးကျူးခဲ့ပြန်ပါတယ် ။

ပါရဲရား က ” ဒီနေ့ ပဲရစ်မှာ ကျွန်တော်တို့ အနိုင်ရခဲ့လို့ ပျော်ရွှင်မိပါတယ် ။ ဒါဟာ ကြီးကျယ်တဲ့ ပြိုင်ဖက် တသင်းနဲ့ ပွဲကြီး တပွဲ ကစားရခြင်းပါ ။ ကိုယ့်အိမ်ကွင်းမှာ အနိုင်ရတာ က အမြဲကောင်းပါတယ် ။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ပြီး ၊ ဒုတိယပိုင်းမှာ ပိုပြီး ပြင်းထန်တဲ့ ကစားဟန်နဲ့ ပွဲကို ဆက်လက် ချဉ်းကပ်ခဲ့ပါတယ် ။ ”

 

” ကီလီယန်? သူဟာ တခြား ကစားသမားတွေနဲ့ မတူပါဘူး ။ ဒါကို နောက်ဆုံးမိနစ် သွင်းဂိုးမှာ သူ ပြသနိုင်ခဲ့ပါတယ် ။ ကျွန်တော့ အတွက်တော့ သူဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR