အန်ဖီးမှာ ပရီးမီးယားလိဂ် ရှုံးပွဲ လုံး၀ မကြုံဖူးသေးတဲ့ ဗန်ဒိုက်

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ် ယူနိုက်တက် နဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် အပိတ်ဂိုး သွင်းယူပေးခဲ့တဲ့ ဗန်ဒိုက် ဟာ ရယူဖို့ ခဲယဉ်းလွန်းတဲ့ ပရီးမီးယားလိဂ် စံချိန် တစ်ခုကို ပိုင်ဆိုင်သွားခဲ့ ပါတယ်။

ဒီဂိုးဟာ သူ့ရဲ့ ဒီရာသီ တတိယမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်တာမို့ ၊ ကာလရှည် ဒဏ်ရာကြောင့် အနားယူလိုက်ရပေမယ့် ခြေစွမ်းပိုင်းကတော့ လုံးဝကို ယိမ်းယိုင်သွားခြင်း မရှိဘူး ဆိုတာ ထပ်မံ ပြသလိုက်တဲ့ စွမ်းဆောင်ရည်မျိုးလဲ ဖြစ်ပါတယ်။

ဗန်ဒိုက် ဟာ လီဗာပူး ကို 2018 ခုနှစ် ဇန်နဝါရီ ကာလမှာ ရောက်ရှိလာခဲ့တာပါ။

အဲဒီ အချိန်က စလို့ သူပါဝင် ကစားခဲ့တဲ့ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း ရှုံးပွဲ လုံး၀ မကြုံဖူးသေးပါဘူး။ အချိန်အားဖြင့် တွက်ကြည့်မယ် ဆိုရင် 4 နှစ်ကျော် အထိတောင် ရောက်ရှိလာပြီ ဖြစ်သလို ၊ လီဗာပူး ကစားသမားဘ၀ အန်ဖီးလ်ကွင်း ရှုံးပွဲ လုံး၀ မကြုံဖူးသေးတဲ့ မှတ်တမ်းက တကယ်ကို အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။

ပရီးမီးယားလိဂ် သမိုင်းမှာတော့ အိမ်ကွင်း ရှုံးပွဲမရှိ အများဆုံး စံချိန်ကို ရယူထားခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး လီရှပ် ဖြစ်ပါတယ်။ သူဟာ စုစုပေါင်း 59 ပွဲ နဲ့ စံချိန်တင်ထားတာ ဖြစ်ပြီး ၊ လိဒ် ယူနိုက်တက် နဲ့ ကစားတဲ့ ပွဲအပြီးမှာတော့ ဗန်ဒိုက် ကလဲ အဲဒီ စံချိန်ကို အမှီလိုက်သွားခဲ့ ပါပြီ။

လီရှပ် ရဲ့ 59 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန် မှတ်တမ်းမှာ 47 ပွဲ (နိုင်) ၊ 12 ပွဲ (သရေ) ရလာဒ် ထွက်ပေါ်ခဲ့ပြီး ၊ ဗန်ဒိုက် ရဲ့ 59 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန် မှာတော့ 51 ပွဲ (နိုင်) ၊ 8 ပွဲ (သရေ) ရလာဒ် ထွက်ပေါ် ခဲ့ပါတယ်။

ဒါကြောင့် နောက်ပွဲတွေမှာသာ ဗန်ဒိုက် က ရလာဒ်ကောင်းတွေ ဆက်ပြီး ရယူနိုင်ဦးမယ် ဆိုရင် ၊ ပရီးမီးယားလိဂ် စံချိန် မှတ်တမ်းသစ် တစ်ခုကို ပြိုင်ဘက်မရှိ ပိုင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။

လိဒ် ယူနိုက်တက် ကို ဂိုးပြတ် အနိုင်ယူပြလိုက်တာကြောင့် လီဗာပူး နဲ့ မန်စီးတီး တို့အကြား အမှတ်ကွာဟချက်ဟာ 3 မှတ် ဝန်းကျင်သာ ရှိတော့ပြီး ၊ လက်ကျန် ပွဲစဉ်တွေမှာ ချန်ပီယံ တိုက်ပွဲ အတွက် အကြိတ်အနယ် ပြိုင်ဆိုင်ကြဖွယ် ရှိနေပါတယ်။

ဗန်ဒိုက် ဟာ 6 မှတ် အကွာမှာ ရှိနေချိန် ကတည်းက သူတို့ရဲ့ ပရီးမီးယားလိဂ် အိပ်မက်တွေကို လက်လျှော့လိုက်ဖို့ ငြင်းဆန်ခဲ့ဖူးသလို ၊ ဖလား 4 လုံး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဆိုတဲ့ အသိနဲ့တင် ရှေ့ဆက်တိုက်ပွဲဝင်ဖို့ ခွန်အားတွေ ဖြစ်စေတယ်လို့ မှတ်ချက် ပေးခဲ့သူ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ညမှာတော့ လီဗာပူး ဟာ လန်ဒန် အင်အားကြီး ကလပ် ဖြစ်တဲ့ ချဲဆီး နဲ့ ရင်ဆိုင်ကာ ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကို ကွင်းလယ် ဒိုင်လူကြီး အဖြစ် စတုအပ် အက်ဝဲ က ကိုင်တွယ်မှာ ဖြစ်ကာ ၊ VAR ဒိုင် အဖြစ် ဒါရင် အင်္ဂလန် က တာဝန်ယူသွားမှာပါ။

ဒီနှစ်သင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံထားတဲ့ နှစ်ကြိမ်မှာတော့ အရှုံးအနိုင် အဖြေမပေါ်ပဲ သရေ ရလာဒ်တွေသာ ထွက်ပေါ်ထားပါတယ်။

ကလပ် တစ်ခုတည်းအတွက် အိမ်ကွင်းရှုံးပွဲမရှိ ပွဲအများဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမားများ –

59 ပွဲ – လီရှပ် (ယူနိုက်တက်)
59 ပွဲ – ဗန်ဒိုက် (လီဗာပူး)
42 ပွဲ – ရှောင် ရိုတ်ဖီးလစ် (ချဲဆီး)
41 ပွဲ – အဲလက် (ချဲဆီး)
40 ပွဲ – ဂျပ် စတမ်း (ယူနိုက်တက်)

SM