အစ်တီဟတ် နိုင်ပွဲက စပါးရဲ့ ကစားပုံကို ချီးမွမ်းခန်း ဖွင့်ခဲ့တဲ့ အနိုင်ဂိုးရှင် ဟယ်ရီကိန်

စပါး အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ လက်ရှိ ချန်ပီယံ မန်စီးတီး ကို အဝေးကွင်းမှာ အနိုင်ရအောင် ကစား နိုင်ခဲ့တဲ့ သူတို့ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် အထူး ချီးမွမ်းခန်း ဖွင့်သွား ခဲ့ပါတယ် ။

 

စပါး အသင်းဟာ ကူလောဗ့်စကီး ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပြီး ဂွန်ဒိုဂန် က မန်စီးတီး အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကိန်း က စပါး အတွက် ဦးဆောင် ဂိုးပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

ပွဲပြီးခါနီး အချိန်တွေကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန် ဖြစ်ပြီး မာရက်ဇ် က မန်စီးတီး အတွက် ပင်နယ်တီ ကနေ ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ သရေရလဒ် နဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ် နေချိန်မှာ ဟယ်ရီကိန်း က စပါးအတွက် အနိုင်ဂိုး ကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။

စပါး အသင်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီမှာ မန်စီးတီး အသင်း နဲ့ သတင်းတွေ တောက်လျှောက် ထွက်ခဲ့တဲ့ ဟယ်ရီကိန်း ဟာ ပွဲအပြီးမှာတော့ စပါးရဲ့ ကစားပုံကို ချီးမွမ်းခန်း ဖွင့်သွား ခဲ့ပါတယ် ။

” တကယ့်ကို ရူးသွပ်ဖွယ်ရာ ပွဲတစ်ပွဲပါပဲဗျာ ၊ ကျွန်တော်တို့ အချိန်အတော်ကြာ အပြင်းအထန် အလုပ် ကြိုးစား ခဲ့ကြတာပါ ၊ ပင်နယ်တီ ပေးလိုက်ရတာက တကယ့်ကို နှလုံး ထိခိုက် ကြေကွဲ စရာပါပဲ ။ ဒါပေမယ့် နောက်ထပ် အခွင့်အရေး ဖန်တီး နိုင်ခဲ့တဲ့ အတွက် ကျွန်တော့်ကောင်လေးတွေကို ကျေးဇူး တင်ပါတယ် ။ ”

 

” ကျွန်တော် ကလည်းရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး ချနိုင်ခဲ့ပါတယ် ၊ ပရီးမီးယားလိဂ် ဆိုတာ ဒါမျိုးပါပဲ ၊ နှစ်သင်းစလုံး ရဲ့ ပရိသတ် မဟုတ်သူတွေ ရော ကျွန်တော်တို့ရဲ့ ပရိသတ်တွေ အတွက်ရော ပွဲကောင်း တစ်ပွဲပါပဲ ။ ဒီနေ့ အိမ်ကို ပျော်ပျော်ရွှင်ရွှင် နဲ့ ပြန်နိုင်ခဲ့ပါပြီ ။ ”

” ကျွန်တော်တို့ ဒီရာသီ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာဖို့ နည်းလမ်း ရှာဖွေ ခဲ့ရပါတယ် ၊ ဒီနေ့လို ရလဒ်မျိုး ရယူ နိုင်ခဲ့တာကတော့ တကယ့်ကို ထူးခြား ကောင်းမွန်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

ဟယ်ရီကိန်း ရဲ့ ပထမသွင်းဂိုး ကို ဆွန်ဟောင်မင် ဖန်တီး ပေးနိုင်ခဲ့ပြီးနောက် ကိန်း နဲ့ ဆွန် အတွဲအဖက် ဟာ တစ်ဦး နဲ့ တစ်ဦး ပရီးမီးယားလိဂ် သွင်းဂိုး ၃၆ ဂိုးအထိ ပံ့ပို့ပေးထားနိုင်ပြီ ဖြစ်ပါတယ် ။ ကိန်း နဲ့ ဆွန် တို့ဟာ ဒရော့ဘာ နဲ့ လမ်းပတ် တို့ရဲ့ စံချိန်ကို လိုက်မှီ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ကိန်း က ဆွန် နဲ့ သူ့ရဲ့ တွဲဖက်မိမှုအကြောင်းကိုလည်း ” ကျွန်တော်တို့ အကောင်းဆုံး ချိတ်ဆက် ကစား နိုင်ခဲ့ပါတယ် ၊ ကွင်းပြင်ပမှာလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိကြပါတယ် ၊ မနက်ဖြန်ကျရင် video room ထဲမှာ ဒီနေ့ပွဲကို ပြန်ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM