အင်္ဂလန်သား နှစ်ဦးအတွက် ငွေတွေ ပုံအောလိုက်ဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ကမ့်ဘဲလ် 

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဖာဂူဆန် မရှိတဲ့ နောက်ပိုင်း နည်းပြ အဆက်ဆက် ကြုံတွေ့ခဲ့ကြရတဲ့ အဓိက ပြဿနာ တစ်ခုက ကွင်းလယ် ခံစစ် နေရာ အတွက် ယုံကြည်စိတ်ချလို့ ရနိုင်တဲ့ ကစားသမားကောင်း တစ်ဦးကို မပိုင်ဆိုင်ရခြင်းပဲ ဖြစ်ပါတယ် ။ 

 

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ အချိန်က စ,ကြည့်လိုက်မယ်ဆိုရင် အခုအချိန်ထိ ကွင်းလယ် ခံစစ် နေရာအတွက် မာတစ် ၊ ဖရက်ဒ် နဲ့ တော်မီနေး တို့ကိုသာ လှည့်ပတ်သုံးနေခဲ့ရတာကို မြင်တွေ့ရပါလိမ့်မယ် ။

ထို့အတူ သူတို့ရဲ့ ကွင်းလယ် ခံစစ်အတွဲဟာ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေခဲ့တာကလည်း ပရိသတ်တွေ အတွက် ကြီးကြီးမားမား စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ အခုထိ အဲ့ဒီနေရာကို ယူနိုက်တက်တို့ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ကြသေးပါဘူး ။

 

ယူနိုက်တက်တို့ဟာ ပြီးဆုံးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ခံစစ် ကစားသမားတွေ နဲ့ တိုက်စစ် ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူခဲ့ပေမဲ့ ကွင်းလယ် ခံစစ် နေရာကို အင်အားဖြည့်တင်းဖို့ ပစ်မှတ်ကောင်းတွေရှိခဲ့ပေမဲ့ လက်တွန့်နေခဲ့ကြပါတယ် ။

 

အခုတော့ ရလဒ် တစ်ခု အနေနဲ့ အဆိုပါ ကစားသမားတွေဟာ တိုက်စစ် အတွက်ရော ခံစစ် အတွက်ပါ ယုံကြည်စိတ်ချလို့ မရသူတွေ ဖြစ်နေခဲ့တာကြောင့် ယူနိုက်တက်တို့ ရမှတ်တွေ လျော့နည်းခဲ့ရတဲ့ အဓိက တရားခံတွေလို ဖြစ်နေခဲ့ရပါပြီ ။

အခုတော့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ကီဗင် ကမ့်ဘဲလ် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အားနည်းနေတဲ့ အဆိုပါ အစိတ်အပိုင်းကို အမြန်ဆုံး ပြင်ဆင်ဖို့ အတွက် အင်္ဂလန်သား နှစ်ဦးကို ငွေပုံပေးပြီး ခေါ်ယူလိုက်သင့်ကြောင်း တိုက်တွန်းခဲ့လိုက် ပါတယ် ။

” သူတို့အတွက် ငွေတွေသာ ပုံအောလိုက်ပါ ။ လုံးဝကို မေးခွန်းမထုတ်ပဲ ပုံအောပစ်လိုက်ပါ ။ ဘာလို့လဲဆိုတော့ သူတို့ နှစ်ဦးလုံးက ထိပ်တန်းကစားသမားတွေ ဖြစ်နေကြလို့ပါပဲ ။ သွားပြီး ငွေတွေသာ ပေးလိုက်ပါ ။ ငွေက မရှိတာလည်း မဟုတ်ဘူးလေ ”

 

” သူတို့ နှစ်ဦးလုံး ( ကယ်ဗင် ဖိလစ် နဲ့ ဒီကလန် ရိုက်စ် ) က အင်္ဂလန် လက်ရွေးစင် ကစားသမားတွေပါ ။ ဒါ့ကြောင့် ဘာကိုမှ တွေဝေတွန့်ဆုတ် နေစရာ အကြောင်းကို မရှိပါဘူး ။ ခင်ဗျားတို့ သွားပြီး ငွေတွေ ပုံအော ပေးချေလိုက်ရုံပါပဲ ”

” ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြသနာ ဖြစ်နေတဲ့ နေရာပါ ။ သူတို့ရဲ့ ပြသနာ က ကွင်းလယ်မှာလေ ။ ဖရက်ဒ် နဲ့ တော်မီနေး တို့ လုပ်ဆောင်မှု ကောင်းခဲ့တာ ရှိပါတယ် ။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဖိလစ် နဲ့ ရိုက်စ် တို့က ဒီနေရာကို ကြီးကြီးမားမား Upgrade လုပ်ပေးနိုင်တဲ့ ကစားသမားတွေပါပဲ ”

” အကယ်လို့ သူတို့သာ ဒီခေါ်ယူမှုကို တကယ်ပဲ လုပ်နိုင်မယ်ဆိုရင် သူတို့ရဲ့ ကွင်းလယ် အင်ဂျင်က ရိုးလ် ရွိုက်စ် ကားလို အလန်းစား ဖြစ်သွားပါလိမ့်မယ် ။ သူတို့တွေက အိမ်မှာပဲ (ဒီနယ်မှာ) ကြီးပြင်းလာတဲ့ အရည်အသွေးမြင့် ကစားသမားတွေပါ ” လို့ ကီဗင် ကမ့်ဘဲလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar