အင်တာမီလန်ကို ဆန်စီယိုမှာ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးစတား ၃ ဦးရဲ့ စွမ်းဆောင်ရည်ကို အထူးချီးကျူးသွားခဲ့တဲ့ ဖာဒီနန်

ရီယိုဖာဒီနန်က အင်တာမီလန်ကို ဆန်စီယိုမှာ ၂-၀ နဲ့ နိုင်ခဲ့ခြင်းဟာ လီဗာပူး အတွက် ထင်ထားတာထက် ပိုကောင်းတဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုလိုက်ပေမယ့် လီဗာပူး စတား ၃ ဦး ဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက် အေဗရာဟီမာကိုနာတေး နဲ့ ဖာဘင်ညို တို့ဟာ အဆိုပါ ချန်ပီယံလိဂ် နိုင်ပွဲမှာ တကယ့်ကို ကောင်းလွန်းခဲ့တယ်လို့ ချီးကျူး သွားခဲ့ပါတယ်။ 

အင်တာမီလန်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာ လီဗာပူးကို ပွဲချိန် အများစု သူတင်ကိုယ်တင် ယှဉ်ပြိုင် ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ အဖွင့်ဂိုးရဖို့လည်း နီးစပ်ခဲ့ကာ ချယ်ဟန်နိုဂလူးရဲ့ ကန်ချက်က ဘားတန်းထိထွက် ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်တစ်ဝက်လောက်ထိလည်း အင်တာဟာ လီဗာပူးကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး အခွင့်အရေးကောင်း တစ်ချို့ ဖန်တီးနိုင်ခဲ့ပါတယ်။

 

ဒါပေမယ့်လည်း လီဗာပူးဟာ ခံစစ်ကို ကောင်းစွာ ကစားနိုင်ခဲ့ပြီး အင်တာတို့ ကစားပုံ ကောင်းနေချိန်မှာ ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူး အတွက် ဖာမီနို နဲ့ ဆာလား တို့က ဂိုးတွေ သွင်းယူပေးခဲ့ကာ ဆန်စီယိုမှာ ၂-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။

ဖာဒီနန်က ဒီရလဒ်ဟာ ကလော့ရဲ့ အသင်းအတွက် ထိုက်သင့်တာထက် ပိုကောင်းနေတတယ်လို့ ဆိုလိုက်ပြီး လီဗာပူး ခံစစ်ခြေစွမ်းပြမှု နဲ့ တိုက်စစ်ပိုင်းရဲ့ အဆုံးသတ် သေချာမှုတွေကိုတော့ ချီးကျူးခဲ့ပါတယ်။

 

ဖာဒီနန်က “အင်တာမီလန်ကို ၂-၀ ဆိုတဲ့ ရလဒ်ဟာ လီဗာပူး အတွက် ထိုက်သင့်တာထက် ပိုကောင်းနေပါတယ်။ ဒါပေမယ့် ဒီလို ရလဒ်မျိုးကတော့ ယူသွားမှာပါပဲ။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဒီလို အဆင့်မျိုးမှာ လီဗာပူးတို့ အဝေးကွင်းမှာ ရလဒ်ကောင်းကို ရယူနိုင်ခဲ့တဲ့ အခြေခံအုတ်မြစ်ဟာ ကောင်းမွန်တဲ့ ခံစစ်ဖြစ်ပြီး ဒီနေ့မှာ သူတို့ ဒါကို သက်သေပြ ခဲ့ပါတယ်။ လီဗာပူးရဲ့ ဗဟို နောက်ခံလူ ၂ ဦးဟာ တအားကို ကောင်းလွန်ခဲ့ပြီး သူတို့ရှေ့က ဖာဘင်ညို ကလည်း ဒီအတိုင်း ပါပဲ။

 

ဒီလို ပွဲတွေမှာ ကံကောင်းမှုတွေ ရဖို့ လိုအပ်သလို ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်နိုင်ရပါမယ်။ ဒီလိုပွဲမျိုးမှာ ပွဲအစကနေ ပွဲအဆုံး ပြီးပြည့်စုံတဲ့ ခြေစွမ်းကိုပြဖို့ မဖြစ်နိုင်ပါဘူး။ ခက်ခဲတဲ့ ၅ မိနစ် ဆိုတဲ့ ကာလတွေကို မျှော်လင့်ထားရမှာပါ။ လီဗာပူးဟာ ဒီပွဲမှာ ခက်ခဲတဲ့ ဒီလို အခိုက်အတန့်တွေ ကြုံတွေ့ခဲ့ရ ပါတယ်။

ဒါပေမယ့် သူတို့မှာ အတွေ့အကြုံကောင်း ရှိနေပြီး ဒီလို ပွဲမျိုးကိုဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတဲ့ သိမြင်မှုကို ပိုင်ဆိုင်ထား ပါတယ်။ လီဗာပူးဟာ သူတို့ အခွင့်အရေး ရတဲ့ အချိန်မှာ အင်တာကို အပြစ်ပေး သွားခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကလည်း ပထမအကျော့မှာ ဒီလို အနိုင်ရခဲ့တာဟာ လီဗာပူး အတွက် တကယ့်ကို ပြီးပြည့်စုံတဲ့ ရလဒ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အိုဝင်က “ဒါဟာ လုံး၀ ပြီးပြည့်စုံတဲ့ ရလဒ်ပါ။ သူတို့ဟာ ဥရောပမှာ ပိုကောင်းအောင် ကစားနိုင်လေ့ ရှိတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးသားပါ။ သူတို့ဟာ ဥရောပမှာ ကြီးကြယ်တဲ့ အသင်းတွေကို အနိုင်ယူခဲ့တာကို ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ။

ဒါပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ရဲ့ အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်ကတော့ အိမ်ကို လေယာဉ်စီးပြီး ပြန်စရာတောင် မလိုပါဘူး။ သူတို့ဟာ စိတ်လှုပ်ရှားမှုတွေ ပျော်ရွှင်မှုတွေနဲ့ ပျံလို့ ရနေပါပြီ။”

 

SM