အက်သလက်တီကို မက်ဒရစ် နဲ့ပွဲအတွက် ရပ်ဖ်ရန်းနစ် ဖြေရှင်းရမယ့် မေးခွန်း ၃ ခု

အရေးပါတဲ့ ပွဲတပွဲကို မန်ချက်စတာ ယူနိုက်တက် တို့ ဒီနေ့ညမှာ ကစားရပါဦးမယ် ။ ဒီတခါ ပြိုင်ဘက် ကတော့ ရှေ့က ဆယ်ပွဲထက် ပိုပြီး ခက်ခဲမှာပါ ။ အက်သလက်တီကို မက်ဒရစ် ဟာ ဥရောပ ရဲ့ အမာကျောဆုံး အသင်း တသင်း ဖြစ်ပြီး ဆွာရက် ၊ ဂရစ်ဇ်မန်း ၊ ဂျာအို ဖိလစ် တို့လို ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင် ထားပါတယ် ။

နည်းပြ ဒီယေဂို ဆီးမြွန်းနီ ကလည်း ဗျုဟာ ကဝိ တဆူလို့ သတ်မှတ်ရတဲ့ သူမျိုးပါပဲ ။

ယူနိုက်တက် နည်းပြ ရန်းနစ် ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ် ။

ဒါပေမယ့် ဘယ်အရာက ယူနိုက်တက် အတွက် အကောင်းဆုံးလဲ ဆိုတာကို ရန်းနစ် သိနေပြီလို့ မထင်မိပါဘူး ။

ချန်ပီယံလိဂ် ကို အရှုံးခံလိုက်ပြီး ပြည်တွင်းမှာပဲ အဆင့် ၄ အတွက် အာရုံစိုက်မလား ၊ ချန်ပီယံလိဂ် မှာ ရသလောက်တက်ပြီး မထင်မှတ်ဘဲ ဗိုလ်စွဲကာ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူရမလား . . . လမ်းကြောင်း ၂ ခု စလုံးက မသေချာမှုတွေ ပြည့်နှက် နေပါတယ် ။

ဒါတင်သာ မကပါဘူး ၊ ဒီနေ့ည ပွဲကိုလည်း ဘယ်သူတွေနဲ့ ကစားရမလဲဆိုတာ ရန်းနစ် ကို ဒွိဟ ဖြစ်စေမှာပါ ။

ဒါကြောင့် ဒီကနေ့ည လူစာရင်းနဲ့ ပတ်သက်ပြီး ရန်းနစ် ရင်ဆိုင်ရလောက်တဲ့ ဒွိဟဖြစ်စရာ ရွေးချယ်မှု ၃ ခု ကို ဖော်ပြပေးလိုက်ရ ပါတယ် ။

၁ ။ ဘစ်ဆာကာ – လုခ်ရှော လား ၊ ဒါးလော့ – တဲလက်စ် လား

ဒီညပွဲအတွက် ရန်းနစ် ပထမဆုံး ဆုံးဖြတ်ရမှာက ဘယ်လို နောက်ခံ အစွန်လူကို ရွေးချယ်မလဲဆိုတာပါ ။ ခံစစ်ဗဟိုမှာ ချန်ပီယံလိဂ် အတွေ့အကြုံရင့်တဲ့ ဗာရန်း နဲ့ အသင်းခေါင်းဆောင် မက်ဂွဲယားကို ပွဲထုတ်ဖို့ သေချာ ပေမယ့် ဘယ် နဲ့ ညာ အစွန်တွေ မှာတော့ ဘယ်သူတွေကို ရွေးရမလဲဆိုတာ ရန်းနစ် ကို ဒွိဟ ဖြစ်စေနိုင် ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ ၄-၄-၂ ကစားကွက် ကို အသုံးများတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အသုံးပြုထားပါတယ် ။ အဲ့ဒိ ၄ ပွဲမှာ သောမတ်စ် လီမာ က ဘယ်တောင်ပံ ရဲ့ အဓိကလူ အဖြစ် ပါဝင်ခဲ့ပြီး ဂျာအိုဖိလစ် က ၂ ယောက်တန်း တိုက်စစ်မှာ ဘယ်ခြမ်းကို အဓိက ကစားခဲ့ရ ပါတယ် ။

ဒါကြောင့် အဆိုပါ လျှင်မြန်ပြီး နည်းစနစ် အားကောင်းတဲ့ အက်သလက်တီကို ဘယ်တောင်ပံကို ရင်ဆိုင်ရမယ့် ယူနိုက်တက် ညာနောက်ခံလူ နေရာမှာ ဘစ်ဆာကာ ကို ရွေးမလား ၊ ဒါးလော့ ကို ရွေးမလား ဆိုတာ ရန်းနစ် ဆုံးဖြတ်ရ ခက်မှာ အသေအချာပါပဲ ။

ဒါးလော့ ကို ရွေးရင် တိုက်စစ် ပိုလိုက်နိုင်မယ် ၊ ဖြတ်တင်ဘောတွေ ပိုထွက် နိုင်ပါတယ် ၊ ဒါပေမယ့် ခံစစ်ပိုင်း မှာကတော့ ဘစ်ဆာကာ လောက် ယုံစားလို့ မရပါဘူး ။ ဘစ်ဆာကာ ကတော့ ခံစစ်သီးသန့်ပဲ အားသန်ပြီး တိုက်စစ်ပိုင်းမှာ တော်တော်လေး အားနည်းပါတယ် ။

အေတီကို ရဲ့ ညာတောင်ပံ ကို ရင်ဆိုင်မယ့် ယူနိုက်တက် ခံစစ်ဘယ်ခြမ်း မှာတော့ လုခ်ရှော ကိုပဲ ရန်းနစ် ရွေးဖွယ် ရှိပြီး အခြေမလှမှသာ အဲလက်စ် တဲလက်စ် ကို ထည့်သုံးဖွယ် ရှိပါတယ် ။

လုခ်ရှော ဟာ ဘန်လေ ၊ ဆောက်သမ်တန် တို့နဲ့ ၂ ပွဲဆက် သရေကျမှုမှာ ယူနိုက်တက် ရဲ့ ခြေပဂိုးတွေ အတွက် အဓိက တာဝန်ရှိသူ ( လူကျွံဘော ဖမ်းရာမှာ နောက်ကျကျန်နေခဲ့၍ ) ပါ ။ နည်းစနစ်ပိုင်းမှာလည်း ထိပ်တန်းဆင့်လို့ မသတ်မှတ်နိုင်သေးပါဘူး ။ အင်္ဂလိပ်ကစားသမား ပီသတဲ့ ကောင်းကွက် အနည်းငယ်တော့ ရှိပါတယ် ။

သူရင်ဆိုင်ရမှာက အန်ဟဲ ကော်ရီယာ ( ဒါမှမဟုတ် ) ကာရက်စ်ကို ဖြစ်နိုင်ပါတယ် ။ ရှောအတွက်တော့ စိတ်ပူစရာပါပဲ ။

၂ ။ မက် ဖရက်ဒ် အတွဲလား ၊ ပြင်သစ် နဲ့ စကော့ အတွဲလား ၊ ဘရာဇီး ပြင်သစ် လား

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်မှာ ကွန်ဒေါ့ဘီယာ ၊ ကိုကီ ၊ ရိုဒရီဂို ဒီပေါလ် တို့ထဲက ၂ ယောက်ကို ပွဲတိုင်းလိုလို သုံးပါတယ် ။

ဒီညမှာ အဲ့ဒိ ကွင်းလယ်ကို ဘယ်သူတွေနဲ့ ရန်းနစ် ရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ ။

ဖာနန်ဒက်စ် ကျိန်းသေ ပါလာပါမယ် ။ မေးခွန်းက ကျန်တဲ့ ၂ ယောက်က ဘယ်သူတွေ ဖြစ်မလဲဆိုတာပါ ။

ခံစစ် အသားပေးမယ့် မက်-ဖရတ် အတွဲလား ၊ Double Pivot ကစားမယ့် တော်မီနေး နဲ့ ပေါ့ဘာလား ၊ ခံစစ် လည်းပါ နည်းစနစ်လည်းပါမယ့် ဖရတ် နဲ့ ပေါ့ဘာ တို့လားဆိုတာ ကိုတော့ ရန်းနစ် ရွေးချယ်ရမှာပါ ။

ဘယ်အတွဲ နဲ့ပဲ ပွဲထွက်ပွဲထွက် အက်သလက်တီကို ကွင်းလယ်ကို စိုးမိုးနိုင်ဖို့ ဆိုရင်တော့ ၂ ယောက်စလုံး ပုံစံကောင်း ပြနိုင်မှာပဲ ဖြစ်မှာပါ ။

၃ ။ အန်တိုနီ အီလန်ဂါ လား ၊ မားကပ် ရက်ဖိုဒ့် လား

အန်တိုနီ အီလန်ဂါ လို လူငယ်လေး တယောက်အတွက် ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် ဆိုတာက ကြီးမားတဲ့ ရင်ခုန်စိတ်လှုပ်ရှား စရာ ဖိအား ဖြစ်နေမှာပါ ။ သူ့အတွက် စောလွန်းနေသေးတယ်လို့ ပြောရမှာပါပဲ ။

ဒါပေမယ့် ဆွီဒင်သားလေးဟာ ရန်းနစ် ရဲ့ ညွှန်ကြားမှုကို နာခံသလို ရက်ဖိုဒ့် ထက်လည်း ခံစစ်ကို ပိုလိုက် ကစားနိုင်ပါတယ် ။

ရက်ဖိုဒ့် ကတော့ သူ့ရဲ့ လျှင်မြန်တဲ့ ပြေးအားတွေက လူကျွံထောင်ခြောက်ကို ထိုးဖောက်ကစားရာမှာ ၊ တန်ပြန် တိုက်စစ်ဗျူဟာတွေမှာ ကောင်းကောင်း အသုံးတည့်ပါတယ် ။

ယူနိုက်တက် မှာ ခံစစ်ကနေ တိုက်စစ်ကို ရုတ်ချည်း ဘောလုံးဖြန့်ပေး နိုင်တဲ့ ပေါ့ဘာ ၊ ဖာနန်ဒက်စ် တို့လို ဘောပေးကောင်းသူတွေလည်း ရှိပါတယ် ။

ရက်ဖိုဒ့် မပါဘူးဆိုရင် တန်ပြန်တိုက်စစ်ဗျူဟာ အတွက် ဆန်ချို တယောက်တည်းကို အားကိုးရမှာပါ ။

အီလန်ဂါ ကို ရွေးရင် တန်ပြန်တိုက်စစ် အားနည်းမယ် ခံစစ်ပိုကူနိုင်မယ် ၊ ရက်ဖိုဒ့် ဆိုရင် တန်ပြန်တိုက်စစ်ဗျူဟာ ကောင်းမယ် ဒါပေမယ့် ရိုနယ်ဒို နဲ့ အတွဲမမိနိုင်သလို ခံစစ်ကိုလည်း သိပ်မကူတာကြောင့် သူနဲ့ ဒါးလော့ ကိုသာ ညာခြမ်းမှာ ပွဲထုတ်မယ်ဆိုရင် ယူနိုက်တက်တို့ အတော်ရုန်းကန် သွားရနိုင်ပါတယ် ။

ရိုနယ်ဒို က သေချာပေါက် ပါလာမှာပါ ။ ကာဗာနီ မပါ နိုင်တဲ့ ဒီလိုပွဲမျိုးမှာ အက်သလက်တီကို မက်ဒရစ် ကို ၃၅ ပွဲမှာ ၂၅ ဂိုး သွင်းထားတဲ့ သူတယောက်ကို အရန်ခုံ ထိုင်ခိုင်ထားဖို့ ရန်းနစ် မှာ သတ္တိ မရှိပါဘူး ။

ဆောင်းရာသီ နားရက်ပြီး ကတည်းက တောက်လျောက်ကောင်းနေတဲ့ ဆန်ချို လည်း ဒီည ကျိန်းသေ ပါလာမှာ ဖြစ်ပြီး ဘယ်လောက် ကောင်းအောင် ကစားပြ နိုင်မလဲဆိုတာ စိတ်ဝင်စား စရာပါပဲ ။

ဒီညပွဲအတွက် မန်ချက်စတာ ယူနိုက်တက် ရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်း –

ဒဟဲယား

ဒါးလော့ ၊ ဗာရန်း ၊ မက်ဂွဲယား ၊ ရှော

တော်မီနေး ၊ ပေါ့ဘာ ၊ ဖာနန်ဒက်စ်

ရက်ဖိုဒ့် ၊ ရိုနယ်ဒို ၊ ဆန်ချို

 

SPORTS MYANMAR