သူ့ဘ၀ ရင်ဆိုင်ရ အခက်ဆုံးနောက်ခံလူတွေထဲမှာ လီဗာပူး ခံစစ်မှူး ဗန်ဒိုက် ကို ထည့်သွင်းခဲ့တဲ့ အဂွေရို

မန်ချက်စတာ စီးတီး အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူးကြီး ဆာဂျီယို အဂွေရို က လီဗာပူး ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက် ဟာ သူ့ဘ၀ မှာ ရင်ဆိုင် ဖြတ်ကျော် ခဲ့ရတဲ့ အခက်ခဲဆုံး ခံစစ်မှူး ၅ ဦး အနက်က တယောက် ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

 

အဂွေရို ဟာ ပြီးခဲ့တဲ့ နွေတုန်းက ဘာစီလိုနာ ကို ပြောင်းရွှေ့ ခဲ့ပေမယ့် နှလုံးခုန် မူမမှန်တဲ့ ဝေဒနာ ဖြစ်ပေါ် လာခဲ့တာကြောင့် ဘောလုံး ကစားခြင်း ကနေ အပြီးတိုင် အနားယူ လိုက်ရပါတယ် ။

 

 

အဂွေရို ဟာ အက်သလက်တီကို မက်ဒရစ် နဲ့ အတူ လာလီဂါ မှာ ကျဉ်လည်ပြီး ယူရိုပါလိဂ် ဖလားကို ရယူဖူး သလို ၂၀၁၀ မှာ မန်စီးတီး ကို ပြောင်းရွှေ့ လာခဲ့ပြီး အသင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဖလားကို သူ့ရဲ့ သွင်းဂိုး နဲ့ ရယူပေး ခဲ့ပါတယ် ။

 

 

အဂွေရို ဟာ မနှစ်က ရာသီအထိ စီးတီးမှာ ကစားနေခဲ့ပြီး အသင်းရဲ့ ထာဝရ ဂိုးသွင်းရှင်လည်း ဖြစ်လာခဲ့ ပါတယ် ။ ဒီလိုမျိုး ထိပ်တန်းအဆင့် ပြိုင်ပွဲတွေ ကို ကစားလာခဲ့တဲ့ အဂွေရို ဟာ အကောင်းဆုံးသော နောက်တန်း ကစားသမားတွေကို ရင်ဆိုင် ဖြတ်ကျော် နိုင်ဖို့ အမြဲ ကြိုးစား ခဲ့ရ ပါတယ် ။

 

 

 

အဲ့ဒိအထဲမှာတော့ ပရီးမီးယားလိဂ် အကျော် အမော် ခံစစ်မှူး ၃ ယောက် နဲ့ လာလီဂါ က နံမည်ကျော် ခံစစ်မှူးတွေ ပါဝင် လာခဲ့ ပါတယ် ။

 

တွစ်တာ ကနေ ပြုလုပ်တဲ အမေးအဖြေ အစီအစဉ် မှာ အဂွေရို က ဂျွန်တယ်ရီ ၊ ရီယိုဖာဒီနန် ၊ ဗာဂျယ် ဗန်ဒိုက် ၊ ကားလက်စ် ပူယိုးလ် နဲ့ ဆာဂျီယို ရာမိုစ့် တို့ကို သူ ရင်ဆိုင်ရ အခက်ဆုံး နောက်ခံလူတွေ အဖြစ် အဖြေပြန်ပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

ဆက်လက်ပြီး အဆိုပါ ခံစစ်မှူးတွေ အနက် ဘယ်သူက အခက်ခဲဆုံးလဲလို့ မေးမြန်း လာချိန် မှာတော့ ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ ကို အဂွေရို က ရွေးချယ် သွားခဲ့ ပါတယ် ။

တယ်ရီ ဟာ ဘောလုံးလောက ကနေ အနားမယူခင်မှာ အဂွေရို နဲ့ ၆ နှစ်ကြာ ပြိုင်ဘက် ဖြစ်ခဲ့ပြီး အာဂျင်တီးနား တိုက်စစ်မှူး ရဲ့ အကောင်းဆုံး အချိန်တွေမှာ တယ်ရီ ကို ကျော်ဖြတ် နိုင်ဖို့ အစွမ်းကုန် ကြိုးစား ခဲ့ရ ပါတယ် ။

 

 

 

ဗာဂျယ် ဗန်ဒိုက် ကိုတော့ ဆောက်သမ်တန် နောက်ခံလူ အဖြစ် အဂွေရို စတင် ရင်ဆိုင် ခဲ့ရပြီး ဗန်ဒိုက် လီဗာပူး ကို ပြောင်းရွှေ့ လာချိန် မှာတော့ အဂွေရို ဟာ အကောင်းဆုံး ပုံစံကို စတင် ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ် ။

ရာမိုစ့် နဲ့ ပူယိုးလ် တို့ကတော့ အဂွေရို ဆယ်ကျော်သက် အရွယ် ၊ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အဖြစ် ကစားခဲ့စဉ် က ရင်ဆိုင် ခဲ့ရသူတွေ ဖြစ်ပြီး အဆိုပါ အချိန်က ဝါရင့် တယောက် ဖြစ်တဲ့ ပူယိုးလ် ဟာ လူငယ် ကစားသမား ဖြစ်တဲ့ အဂွေရို အတွက် အခက်အခဲ ဖြစ်စေခဲ့ ပါတယ် ။

 

 

SPORTS MYANMAR