သူ့ကို ရှေ့တန်းထားမယ်ဆိုရင် တရာသီ ၁၅ ဂိုးလောက်သွင်းနိုင်တယ်လို့ ပီကေး အရွှန်းဖောက်ပြောဆို

ဘာစီလိုနာ ခံစစ်မှူး ဂျရတ် ပီကေး က သူသာ တိုက်စစ်မှူး အဖြစ် ကစားပါက တရာသီကို ၁၅ ဂိုးလောက် သွင်းပေး နိုင်လောက်တယ်လို့ မနေ့ ညက ကစားတဲ့ ယူရိုပါလိဂ် ပွဲစဉ် အပြီးမှာ ဟာသပြောဆို သွားခဲ့ ပါတယ် ။

ပီကေး ဟာ နာပိုလီ အသင်းကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ ဘာစီလိုနာ အတွက် ဂိုးသွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

ဒီရလဒ်ကြောင့် ဘာစီလိုနာ ဟာ နှစ်ကျော့ပေါင်း ၅-၃ ရလဒ် နဲ့ နာပိုလီ ကို အသာရယူကာ ယူရိုပါလိဂ် ၁၆ သင်းဆင့် ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

“ကျွန်တော် ခဏခဏ ပြောနေကျပါ ၊ ကျွန်တော် သာ တိုက်စစ်မှူး ဖြစ်မယ် ဆိုရင် တရာသီ ၁၅ ဂိုး ၊ ဂိုး ၂၀ လောက်တော့ အသာလေး သွင်းနိုင်မှာပါ ။

ဒါပေမယ့် နောက်တန်း မှာလည်း ကျွန်တော့ ဘ၀ အတွက် တကယ့်ကို အမှတ်ရစရာ အခိုက်အတန့်တွေ အများကြီး ပိုင်ဆိုင်ခဲ့ ပါတယ်” လို့ ပီကေး က ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ အခြေမလှ ခဲ့ဘဲ အုပ်စု တတိယသာ ရခဲ့တာကြောင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ယူရိုပါလိဂ် ကို ဆင်းသက် ခဲ့ရတာ ဖြစ်ပါတယ် ။

လက်ရှိ မှာတော့ ဘာစီလိုနာ ဟာ ယူရိုပါလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေပြီး ဒေါ့မွန် အသင်းလည်း မရှိတော့တာကြောင့် ပိုမို အလားအလာ ကောင်းလာခဲ့ပြီ ဖြစ်ပါတယ် ။

“ဥရောပ ပြိုင်ပွဲတွေက အမြဲ ခက်ခဲ ပါတယ် ။ အြံမဲတမ်း အနိုင်ရနေဖို့ ဆိုတာ မလွယ်ပါဘူး ။ ကျွန်တော်တို့ က ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာ အမြဲ ရှိနေရမယ့် အသင်းပါ ။ ဒီနေရာကို အမြန်ဆုံး ပြန်ရောက်ဖို့က ကျွန်တော်တို့ ရဲ့ နံပါတ် ၁ ရည်မှန်းချက် ပါပဲ ။

ဒါက အသင်းသား အားလုံးရဲ့ ကိုယ်စား ၊ အသင်းက တာဝန်ရှိသူတွေ အားလုံးရဲ့ ကိုယ်စား ပြောတဲ့ စကားပါ”

“အခုလို ဖြစ်ခဲ့တာတွေ အတွက် ( ယူရိုပါလိဂ် ကို ဆင်းရမှု အတွက် ) အားလုံး ညီတူညီမျှ အပြစ်တင် ခံကြရ ပါတယ် ။ မှားယွင်းတဲ့ ဆုံးဖြတ်မှုတွေ က နေရာတိုင်းမှာ ဖြစ်ခဲ့တာပါ ။ ဒါပေမယ့် အခု အဲ့ဒိ စာမျက်နှာကို ကျွန်တော်တို့ လှန်ပြီးသွားခဲ့ ပါပြီ ။

အသင်းက လက်ရှိမှာ ပုံစံကောင်း မိနေပါတယ် ။ ကစားရတာ ပျော်ဖို့ ကောင်းနေပြီး ဒီပုံစံ နဲ့ ရှေ့ဆက် နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ ပီကေး က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် ပီကေး အပြင် ဂျော်ဒီ အယ်လ်ဘာ ၊ ဖရန်ကီ ဒီယွန် တို့က တဂိုးစီ သွင်းပေး ခဲ့ကြသလို ပြီးခဲ့တဲ့ ပိတ်ရက် တုန်းက ဟက်ထရစ် ရခဲ့တဲ့ တိုက်စစ်မှူးသစ် အော်ဘားမီးယန်း ကလည်း စတုတ္ထမြောက် ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။

လူငယ် ကွင်းလယ် ကစားသမားလေး ဂါဗီ ကတော့ ဒီနေ့ပွဲမှာ အဝါကတ် ထိခဲ့တာကြောင့် ၁၆ သင်းဆင့် ပထမ အကျော့ကို ပါဝင်ခွင့် မရရှိတော့ဘူးလို့ သိရပါတယ် ။

 

SPORTS MYANMAR